တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ်တွင် မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.5k

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၉/၂ဝ၁၉

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စက်တင်ဘာ ၈ ရက်နေ့က မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ထိခိုက် ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူများမှာ နှမဒါကျေးရွာမှ ဒေါ်စိုးရှင် (၃၅)နှစ်နှင့် ဦးမောင်ဘု (၅ဝ)နှစ်တို့ ဖြစ်ကြောင်း သိရသည်။

နှမဒါကျေးရွာသား ခြောက်ဦးတို့သည် ယမန်နေ့ နံနက်ပိုင်းက ဝါးတုတ် (မျှစ်) ခူးရန် သွားစဉ် ရွာတောင်ဘက် လေးမိုင်ခန့်အကွာ တောင်ကြော တစ်ခုပေါ်အရောက်တွင် မိုင်းနင်းမိပြီး ပေါက်ကွဲရာမှ ထိုသို့ ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဒဏ်ရာ ရရှိသွားသူ ဦးမောင်ဘုက နိရဥ္စရာ သတင်းဌာန သို့ပြောသည်။

“ဖြစ်တာက ညနေ ၃ နာရီလောက်မှာ ဖြစ်တာပါ။ ဖြစ်တဲ့ နေရာက ကျနော်တို့ရွာ တောင်ဘက်၊ အရင်က တိုက်ပွဲ ဖြစ်ခဲ့တဲ့နေရာ သဲမုတ်ဝနဲ့ နှမဒါကြားပါ။ ကျနော်တို့ လူ ၆ ယောက်သွားကြတာ။ ရှေ့က ၄ ယောက်အရင်သွားတယ်။ အခုဒဏ်ရာရသွားတဲ့ ဒေါ်စိုးရှင်နဲ့ ကျနော်နဲ့က နောက်ကနေ လိုက်လာတာ။ လိုက်လာတဲ့အချိန်မှာ ကျနော်ကနောက်က။ ဒေါ်စိုးရှင်က ရှေ့ကဆိုတော့ သူက မိုင်းကို နင်းမိတာပါ။” ဟု ဦးမောင်ဘုက ပြောသည်။

မိုင်းပေါက်ကွဲသွားပြီးနောက် မိုင်းစများရှပ်ထိမှန်မှုကြောင့် ဒေါ်စိုးရှင်၏တင်ပါးနှင့် ပေါင်နှစ်ဘက်စလုံးတွင် (မစိုးရိမ်ရ)ဒဏ်ရာ ရရှိသွားကြောင်း၊ ဦးမောင်ဘုတွင် မိုင်းပေါက်ကွဲစဉ် မီးခိုးငွေ့ ဟပ်ပြီး မျက်စိနှစ်ဘက်စလုံး နီရဲကာ ဘယ်ဘက်မျက်လုံး နာနေကြောင်း ကာယကံရှင် ဦးမောင်ဘုက ပြောသည်။

ဆက်လက်ပြီး နှမဒါကျေးရွာသားတစ်ဦးကလည်း “အဲဒီနားမှာ မိုင်းဘယ်သူထောင်တယ် ဆိုတာကိုတော့ ကျနော်တို့မသိဘူး။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း အဲဒီနားမှာ စစ်တပ်က ၄ ရက်၊ ၅ ရက်လောက် နေခဲ့တယ်လို့သိရပါတယ်။ ဘယ်သူထောင်တယ် ဆိုတာကို ကျနော်တို့ အတိအကျမပြောနိုင်ပါဘူး” ဟု ပြောသည်။

ဒဏ်ရာရရှိသွားသူနှစ်ဦးမှာ လက်ရှိတွင် ၄င်းတို့ကျေးရွာ၌ ဆေးကုသမှု ခံယူလျက်ရှိနေကြောင်း ကျေးရွာသားများ ပြောဆိုချက် အရ သိရသည်။
ပလက်ဝမြို့နယ် နှမဒါတံတားကြီးအနီးတွင် စက်တင်ဘာလ ၆ ရက်နေ့က တိုက်ပွဲများဖြစ်ပွားမှုရှိခဲ့သလို သြဂုတ်လ ၃ဝ ရက်နေ့ ကလည်း ပလက်ဝမြို့နယ် နမ်းချောင်းထဲကျေးရွာ အနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ