သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးဆရာတော်ကြီးက မြန်မာရေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း (၁၀၀၀)မတည် လှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 466

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၆/ ၂၀၂၄

ရခိုင်မှ မြောက်ဦးဆရာတော်ကြီး အရှင်ဝါယာမိန္ဒက ဦးဆောင်ပြီး မြန်မာနိုင်ငံအတွင်း ရေဘေးသင့် ပြည်သူများအတွက် ကျပ်သိန်း(၁၀၀၀)ကို မတည်၍ လှူဒါန်းလိုက်ကြောင်း သိရသည်။

အဆိုပါအလှူငွေကို "တပည့်ကြီးများ ဦးဇဝန (မန္တလေး)၊ ဦးဥတ္တရဝံသ (ရန်ကုန်) နှင့် တပည့် ဒကာ ဒကာမများ မန္တလေးတို့မှ ဦးဆောင်လျက် လိုအပ်ချက်များကို စီစဉ်နေကြပါပြီ"ဟု မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာတွင် စက်တင်ဘာ ၁၃ ရက်က ရေးသားဖော်ပြထားသည်။

မြောက်ဦးဆရာတော်ကြီးနှင့် (၇)ရက်သားသမီးများ စုပေါင်းကာ  မန္တလေးမှ စတင်စီစဉ်ပြီး တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊  ထန်းတပင်မြို့နယ် မှ ရေဘေးသင့်ပြည်သူများအတွက် ဦးစားပေး ကူညီလှူဒါန်းနေကြောင်း သိရသည်။


ဆရာတော်ကြီးသည် လက်ရှိ အမေရိကန်နိုင်ငံတွင် ခေတ္တ သတင်းသုံးနေပြီး အမေရိကန်အပါအဝင်  အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များက ဆရာတော်ကြီးထံမှ ရေဘေးသင့်ပြည်သူများအား ကူညီလှူဒါန်းလျက်ရှိကြောင်း သတင်းရရှိသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်း ရာဂိမုန်‌တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၁ ရက်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်း၍ မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ အပါဝင် တိုင်းနှင့်ပြည်နယ် အချို့တို့တွင် ရေကြီးရေလျှံဖြစ်ပြီး မြေပြိုမှုများဖြစ်ခဲ့သည့် အတွက် လူရာနှင့် ချီပြီး သေဆုံးသွားခဲ့ရကြောင်း ကူညီကယ်‌ဆယ်ရေးလုပ်နေသူများက ဆိုသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ နိုင်ငံ တစ်ဝန်းလုံးမှာ သေဆုံးသူ ၁၁၃ ဦး၊ ပျောက်ဆုံးသူ ၆၄ ဦး၊ ဒဏ်ရာရသူ ၁၄ ဦး၊ ရွှေပြောင်းခဲ့ရသည့် နေအိမ် ၇၂၉၀၀၊ အိမ်ထောင်စုပေါင်း ၇၈၀၀၀ နှင့် လူဦးရေ ၃၂၀၀၀၀ ကျော်ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု ဖော်ပြထားသည်။  

ထို့အပြင် နိုင်ငံတဝန်း လူဦးရေ ၃ သိန်း‌ကျော်ခန့်မှာလည်း ရေဘေးဒုက္ခကို ကြုံတွေ့နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေကြောင်းလည်း သိရှိရသည်။

ဆက်စပ် သတင်းများ