စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် သိန်း ၈ဝဝဝ ခန့်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 2.1k

အိမ်စိုးဖြူ

နိရဥ္စရာ၊ နိုဝင်ဘာ ၂၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာအနီးတွင် နိုဝင်ဘာ ၂၄ ရက်နေ့ နံနက်က သိန်း ၈ဝဝဝ ခန့် တန်ဖိုးရှိသည့် WY စိတ်ကြွဆေးပြား သုံးသိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာအနီး အထုတ်များ သယ်ဆောင်လာသည် လူ ၄ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေးရန် ရပ်ခိုင်းရာ ထွက်ပြေးသွားကြကြောင်း၊ ယင်းအထုတ်များထဲမှ မူးယစ်ဆေးပြားများ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု မောင်တောမြို့နယ် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့ တာဝန်ရှိသူ ရဲအရာရှိ တစ်ဦးက နိရဥ္စရာသတင်းဌာနအားပြောသည်။

“ အဲဒီ ဘင်္ဂါလီ ၄ ဦးကို မမိလိုက်ဘူး။ လိပ်ရဖက်က လာကြတာထင်တယ်။ စုံစမ်းနေပါတယ်။ ဆေးပြားတွေက ကျိုးပဲ့နေတာတွေလည်းပါတယ်ဆိုတော့ အကောင်းက ခန့်မှန်း သုံးသိန်းခုနစ်သောင်းလောက် ဖြစ်တယ်။ ကာလတန်ဖိုးကို တစ်ပြားကို ၂ ထောင်ကျနဲ့တွက်လိုက်တာ။ သိန်းရှစ်ထောင်ကျော်ဖိုးရှိပါတယ် ” ဟု ၄င်းက ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ချက်ထဲတွင် နိုဝင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီခန့်က တွင် အဆိုပါဆေးပြား ၄ဝဝဝဝဝ ပြား (ကာလတန်ဖိုး ခန့်မှန်းငွေ ကျပ် သိန်း၈ဝဝဝ ခန့်)ကို သိမ်းဆည်းရမိသဖြင့် လုပ်ထုံးလုပ်နည်းနှင့် အညီ လုပ်ဆောင်နိုင်ရန်အတွက်  သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲဲ့သို့ လွှဲပြောင်း အပ်နှံထားကြောင်း ဖော်ပြထားသည်။

၄င်းကြိမ်ချောင်ကျေးရွာနေသူတစ်ဦးထံမှလည်း လွန်ခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၇၄၅ဝဝ ပြားကို ဖမ်းဆီးရမိခဲ့သည်။

photo- တပ်မတော်သတင်းမှန်ပြန်ကြားရေး

ဆက်စပ် သတင်းများ