လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၁၁/၂၀၂၄
ရခိုင်ပြည်မှ နိုင်ငံရေးအကျဉ်းသားများအရေးအား
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က နိရဉ္စရာကိုပြောသည်။
ရခိုင်ပြည်မှ နိုင်ငံရေးအကျဉ်းသားများအား ပြည်မသို့ပြောင်းရွှေ့နေခြင်းနှင့်ပတ်သက်၍ နိရဉ္စရာက ကိုဘိုကြည်အား မေးမြန်းရာ
ထိုသို့ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ကတော့ အကုန်လုံးနဲ့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။
ဉပမာ နိုင်ငံရေးကျဉ်းသားအရေးတစ်ခုတည်းမဟုတ်ဘဲနဲ့ တခြား
အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးကိစ္စတွေ၊ တရားဉပဒေ စိုးမိုးရေးကိစ္စတွေမှာလည်း
သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့အနီးကပ် ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။
တချို့ပြည်နယ်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟုပြောသည်။
တရားဉပဒေစိုးမိုးရေး၊ အကျဉ်းထောင်နှင့် ပတ်သက်၍ ပေါ်လစီများ၊
လူ့အခွင့်ရေးချိုးဖောက်မှုများ ဆက်မဖြစ်ရန်
ပြုပြင်ပြောင်းလဲမှုမည်သို့လုပ်ဆောင်မည်ကို AA နှင့်
ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်းလည်း ကိုဘိုကြည်က ဆိုသည်။
“စစ်ရေးအခြေအနေကို အတိအကျမသိပါဘူး။ ဒါပေမယ့် အာရက္ခတပ်တော်ကတော့
တော်တော်များများကို သိမ်းပိုက်ထားပြီဆိုတာတော့ ကျွန်တော်တို့သိပါတယ်။ ထောင်ပြောင်းတယ်ဆိုတာကတော့
စစ်အုပ်စုဘက်က လုံခြုံရေးအရစိုးရိမ်လို့ ပြောင်းတာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်
နိုင်ငံရေးအကျဥ်းသားတွေ ပိုပြီးအခက်အခဲဖြစ်အောင်လုပ်တာလည်း ဖြစ်နိုင်ပါတယ်။
မိသားစုနဲ့ဝေးတဲ့နေရာကိုပြောင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟုပြောသည်။
အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးများ၊
နိုင်ငံတွင်းရှိနိုင်ငံသားများ၊ နိုင်ငံရေးနှင့်
နိုင်ငံရေးဆိုင်ရာအခွင့်ရေးများကျင့်သုံးနိုင်ရန် ဖြစ်နိုင်သမျှ
အဖွဲ့အစည်းများဖြင့်ပူးပေါင်းဆောင်ရွက်ပြီးဖြစ်လာစေရန် လုပ်ဆောင်လိုကြောင်းလည်း
ကိုဘိုကြည်က ပြောသည်။
“အဓိကကတော့ ရခိုင်ဖက်မှာ ကျွန်တော်တို့နဲ့ ချိတ်ဆက်မှုကောင်းကောင်း
ဘယ်လောက်ရှိလဲဆိုတာအပေါ်မှာမူတည်ပါတယ်။ အရင်ကတည်းက ရခိုင်ဘက်ကိုတော့ တောက်လျှောက်
စောင့်ကြည့်တာရှိတယ်။ ရခိုင်ဘက်က ၁၇ (၁)၊ ၁၇(၂) ပုဒ်မတွေနဲ့အဖမ်းခံရတာတွေ
အများကြီးရှိပါတယ်။ ဒီဟာတွေကိုလည်း လက်လှမ်းမီသလောက် ရခိုင်ဘက်မှာရှိနေတဲ့
အဖွဲ့အစည်းတွေ၊ အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ်ကပဲဖြစ်ဖြစ်၊
တခြားမြေပြင်အဖွဲ့အစည်းတွေကလည်း သိရင်သိသလို အချက်အလက်တွေ ဖြန့်ဝေပေးတာတွေရှိတယ်”
ဟုပြောသည်။
စစ်တွေထောင်မှ အင်းစိန်ထောင်သို့ ပြောင်းသွားသော
အကျဉ်းသားများစာရင်းကိုလည်းရရှိထားပြီး တတ်နိုင်သမျှစောင့်ကြည့်နေကြောင်း သူက
ပြောသည်။
“စစ်တွေထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းသွားတာတွေရှိတယ်။
အဲဒီစာရင်းတွေကတော့ ကျွန်တော်တို့ဆီမှာရှိနေပါတယ်။ ဖြစ်နိုင်သမျှ
ရခိုင်ပဲဖြစ်ဖြစ်၊ ချင်းပဲဖြစ်ဖြစ် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းခံရပြီးရင်
သတင်းအချက်အလက်ရတယ်ဆိုရင် နိုင်ငံရေးကျဉ်းသားအဖြစ်ထည့်သွင်းဆောင်ရွက်လျက်ရှိပါတယ်။
လက်လှမ်းမီသလောက် ကူညီနေတယ်” ဟုပြောသည်။
စစ်ရေးအခြေအနေ တင်းမာလာသည့် စစ်တွေမြို့ရှိ အကျဥ်းထောင်မှ ရဲပြေး၊ စစ်ပြေးအပါအဝင် အကျဉ်းသား ၆၀၀ ကျော်ကို စစ်ကောင်စီက အောက်တိုဘာ
၇ ရက်နှင့်၊ အောက်တိုဘာ ၈ ရက်တို့ညဥ့်အချိန်တို့တွင် ရေယာဥ်ဖြင့် ရန်ကုန်
အင်းစိန်ထောင်သို့ ခေါ်ယူသွားသည်ဟု သိရသည်။
ဓာတ်ပုံ-MOI