တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကျောက်ဖြူမြစ်တွင် မျှောပိုက်ဧရိယာအတွင်း ကျူးကျော်လုပ်ကိုင်နေသည့် ကျားပါးစပ်ပိုက်ချသူများ ဇန်နဝါရီ ၂ဝ ရက်နောက်ဆုံးထား၍ ဖယ်ရှားပေးရန် သက်ဆိုင်ရာကအမိန့်ထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 6.9k

နိရဥ္စရာ၊ ဇန်နဝါရီ ၁၃/၂ဝ၂၃

 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ မြစ်မကြီးတွင် မျှောပိုက်ဧရိယာအတွင်း ကျူးကျော်လုပ်ကိုင်နေသည့် ကျားပါးစပ်ပိုက်ချသူများအနေဖြင့် ဇန်နဝါရီ ၂ဝ ရက်နောက်ဆုံးထား၍ နေရာမှဖယ်ရှားပေးရန် သက်ဆိုင်ရာက အမိန့်ထုတ်လိုက်ပြီဟု သိရသည်။

 

အဆိုပါကျူးကျော်လုပ်ကိုင်နေသည့်နေရာသို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်တွင် ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်/မြို့နယ် ထွေ/အုပ်၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် မျှောပိုက်သမားတို့ပူးပေါင်းကာ သွားရောက် စစ်ဆေးခဲ့ကြသည်ဟု သိရသည်။

 

ယင်းသို့ စစ်ဆေးအပြီးတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများက ကျူးကျော်လုပ်ကိုင်နေသည့် ကျားပါးစပ်ပိုက်ချသူများအနေဖြင့် ဇန်နဝါရီ ၂ဝ ရက်နောက်ဆုံးထား၍ သူတို့၏ပိုက်များကိုဖြုတ်သိမ်း၍ နေရာမှဖယ်ရှားပေးရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူမည်ဟု ယင်းနေရာတွင်ပင် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ကွင်းဆင်းရာသို့လိုက်ပါခဲ့သည့် မျှောပိုက်သမား ကိုရဲထက်အောင်က နိရဥ္စရာကိုပြောသည်။

 

သူတို့ကတော့ ရှေ့လတစ်လလောက် သူတို့က တိုးပြီး လုပ်စားခွင့်ပေးပါဆိုပြီးတောင်းဆိုတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်ကလည်း မလိုက်လျောပေးနိုင်တော့ဘူး။ ဘာလို့ဆို အဲဒီနေရာမှာ ကျနော်တို့ မလုပ်စားရဘဲ ၃ လလောက်ရှိသွားပြီလေ။ ဒါကြောင့် ကျနော်တို့ဘက်က မလိုက်လျောနိုင်တော့ဘူး။ နောက်တော့ ခရိုင်ငါးလုပ်ငန်းဦးစီးမှူးက ညှိပေးတယ်။ ဇန်နဝါရီ ၂ဝ ရက်နေ့ကို နောက်ဆုံး သတ်မှတ်ပေးလိုက်တယ်ဟု ပြောသည်။

 

နောက်နောင်များတွင်လည်း ယခုနေရာတွင် ဝင်ရောက်ကျူးကျော်လုပ်ကိုင်ပါက တရားဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပြီး ဆက်လက် ကျူးကျော်မလုပ်ကိုင်တော့ပါကြောင်း ခံဝန်လက်မှတ်ထိုးခိုင်း၍ ကျူးကျော်လုပ်ကိုင်သူတို့က ကြည်ဖြူစွာ လက်မှတ်ထိုးခဲ့ကြသည်ဟု ကိုရဲထက်အောင် ဆိုသည်။

 

ကျနော်တို့ဘက်ကလည်း ကျေနပ်ကြပါတယ်ဟု ပြောသည်။

 

ယင်းအပြင် မျှောပိုက်သမားများ ပြန်လည်လုပ်ကိုင်စဉ် ဖြုတ်သိမ်းခြင်းမရှိသည့် ကျားပါးစပ်ပိုက်များနှင့် ကပ်ငြိပျက်စီးပါက တန်ဖိုးအတိုင်းပေးလျော်ရန် ဆုံးဖြတ်မှုကို နှစ်ဘက်လက်ခံခဲ့ကြသည်ဟုလည်း ဆိုသည်။

 

ကျောက်ဖြူမြို့ရှိ ကျားပါးစပ်ပိုက် (ဒေသအခေါ် အာထောက်ပိုက်)ဖြင့် ငါးဖမ်းသမားများအတွက် ကျောက်ဖြူမြစ်မကြီးအလယ်မှနေ၍ ကျောက်ဖြူဘက်ခြမ်းကိုလည်းကောင်း၊ အခြားတစ်ဘက်ခြမ်းကို မျှောပိုက်ဖြင့်ငါးဖမ်းသမားများအတွက်လည်းကောင်း ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်မှစတင်ကာ ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနအပါအဝင် ခရိုင်ထွေအုပ်တို့က စနစ်တကျသတ်မှတ်ပေးထားကြောင်း သိရသည်။

 

မျှောပိုက်သမားများငါးဖမ်းရန်သတ်မှတ်ထားသည့်နေရာတွင် ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက်၊ မဒေးကျွန်း၊ ပေါက်လယ်ချေ၊ သစ်ပုတ်တောင်နှင့် ကုန်ဘောင်စသည့်ကျေးရွာများမှ ဒေသခံငါးဖမ်းသမား အိမ်ထောင်စု ၅ဝဝ ခန့်က မျှောပိုက်များဖြင့် ငါးဖမ်းကြကြောင်း သိရသည်။

 

အလားတူ ကျားပါးစပ်ပိုက်များဖြင့် ငါးဖမ်းရန်သတ်မှတ်ထားသောနေရာတွင် ပြင်ဖြူမော်ရပ်ကွက်၊ ကုလားပိုက်ဆိပ် (ခေါ်) မီးလောင်ကွင်းနှင့် စစ်တောစသည့်ကျေးရွာများမှ ဒေသခံငါးဖမ်းသမားအိမ်ထောင်စု ၁ဝဝ ခန့်က ကျားပါးစပ်ပိုက်များဖြင့် ငါးဖမ်းကြကြောင်း သိရသည်။

 

သို့ရာတွင် ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ကာ မျှောပိုက်သမားများနေရာသို့ ကျားပါးစပ်ပိုက်သမား လူဦးရေ ၃ဝ ခန့်က ဝင်ရောက်ပြီး ကျူးကျော်ငါးဖမ်းနေကြ၍ မျှောပိုက်များဆုံးရှုံးကာ ငါးဖမ်းလုပ်ကိုင်၍မရဖြစ်နေခဲ့ကြသည်ဟု မျှောပိုက်သမားများက ပြောသည်။

 

ယင်းကိစ္စကို မျှောပိုက်သမားများက ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ကာ ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်/ခရိုင်ထွေအုပ်ဌာနသို့ သွားရောက်တိုင်ကြားခဲ့ပြီးနောက် ပြီးခဲ့သည့်ရက်ပိုင်းတွင် သွားရောက်စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

 

စစ်ဆေးရာတွင်ပါဝင်ခဲ့သည့် မဒေးကျွန်းအုပ်ချုပ်ရေးမှူး ဦးသာဇံအောင်ကလည်း အဲဒီနေ့ကဆုံးဖြတ်ချက်ကို နှစ်ဘက်စလုံးက လက်ခံတဲ့အတွက် အခုတော့ အားလုံး အေးအေးဆေးဆေးနဲ့ ပြေလည်သွားပါပြီဟု ပြောသည်။

 

ဓာတ်ပုံ - ကျူးကျော်ငါးဖမ်းလုပ်ငန်းခွင်သို့ သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးခဲ့စဉ်

ဆက်စပ် သတင်းများ