စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ဂွတစ်မြို့လုံးရေပေးနေသည့် ကွင်းလျားရှည်ဆည် ရေခမ်းခြောက်၍ ပြန်တူးနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 8.9k

နိရဥ္စရာ၊ မတ် ၂ / ၂၀၂၃

ရခိုင်ပြည်နယ်၊ ဂွမြို့၊ မြို့ပေါ်ရပ်ကွက် သုံးခုအပါအဝင်ကျေးရွာသုံးရွာကို ရေပေးဝေနေသည့် ကွင်းလျားရှည်ဆည်မှာ ရေခမ်းခြောက်သွား၍  ပြန်တူးဖော်နေရကြောင်း ဂွမြို့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါကွင်းလျားရှည်ဆည်မှာ ယခုနွေရာသီတွင် ရေခမ်းခြောက်သွားသည့်အတွက် အောက်ခြေမြေသားမြေကျန်များကို မတ်လ ၂၁ ရက်တွင် ပြန်လည်တူးဖော်ဆည်ယူနေကြောင်း ဂွမြို့အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှတင့်က ပြောသည်။

"မြေကျန်တွေကို ဒီနေ့စပြီး ပြန်တူးဖော်နေပါတယ်။ ဂွမြို့ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် လှူထားတဲ့ စက်နဲ့တူးနေတာဆိုတော့ အကုန်အကျတော့မရှိပါဘူး။ မြေတွေပြန်တူးဖော်တာက ငါးရက်လောက်ကြာမယ်လို့ ခန့်မှန်းထားပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ဆည်အတွင်း မြေကျန်များကို တူးဖော်နေသည်မှာ ရေဝပ်နေရာရရှိပြီး ရေအပြည့်အဝ သိုလှောင်နိုင်ရန်ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။

အဆိုပါကွင်းလျားရှည်ဆည်မှာ ဂွမြို့နှင့် လေးမိုင်ခန့်အကွာ ဂွ-သံတွဲ အဝေးပြေးကားလမ်းဘေး ဒေသအခေါ် (ခွဆုံ) လျှိုကိုဆည်ထားသည့် ဆည်ဖြစ်ပြီး အကျယ်အဝန်းမှာ အပေါ်မျက်နှာပြင် ပေ ၁၅၀ နှင့် အောက်ခြေ ပေ ၁၀၀ ခန့်ရှိကြောင်း သိရသည်။

၄င်းဆည်မှရေများကို ဂွမြို့ပေါ်ရပ်ကွက် ၃ ခုအပါအဝင် ကျေးရွာ ၃ ရွာကို ပင်မပိုက်လိုင်းကြီးမှတဆင့် ရေပိုက်လိုင်းများခွဲကာ ၂၄ နာရီရေပေးဝေနေခြင်းဖြစ်သည်။

ဂွမြို့ပေါ်ရပ်ကွက် ၃ ခုမှာ ကင်းရုံး၊ ရွာမနှင့် မြို့မရပ်ကွက်များဖြစ်ပြီး အိမ်ထောင်စု ၂၆၀၀ ကျော်ရှိသည်ဟု သိရသည်။


အလားတူ အဆိုပါဆည်မှသောက်သုံးရေဖြန့်ဝေပေးနေသည့် ကျေးရွာ ၃ ရွာမှာ ကွင်းလျားရှည်ကျေးရွာ၊ ကျောင်းကုန်းကျေးရွာနှင့် ရဟိုင်ကွင်းကျေးရွာတို့ဖြစ်ပြီး အိမ်ထောင်စု ၃၀၀ ကျော်ရှိသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် ၄င်းတို့သောက်သုံးရေရှိနေသည့်ဆည်ကို တာဝန်ယူတူးဖော်ခဲ့သည့် ကုမ္ပဏီအနေဖြင့် မြေကျန်များအား အပြီးမဆည်ယူခဲ့သည့်အတွက် ရေဝပ်ဧရိယာနည်းပါးကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကပင် ရေများခမ်းခြောက်သွားခြင်းဖြစ်ကြောင်း အဆိုပါဆည်မှရေပေးဝေနေသည့် ကွင်းလျားရှည်ကျေးရွာသားတစ်ဦးက ပြောသည်။

"ဆည်ရေခမ်းတာက ဆည်က စတူးဖော်ကတည်းက အနက်ပေ ၅၀ အောက်ပဲ တူးဖော်ခဲ့တယ်။ ပြီးတော့ တူးတဲ့ကုမ္ပဏီက မြေကျန်တွေကို အကုန်မဖယ်ထုတ်ခဲ့တော့ ဆည်တစ်ဝက်လောက်ရဲ့ အောက်ခြေက မြေကျန်တွေက ခုံးနေတယ်။ ရေဝပ်မယ့်နေရာမရှိတော့ ရေခမ်းတာပေါ့" ဟု ပြောသည်။

ယင်းသို့ရေပေးဝေမှုရပ်နားထားသည့်အတွက် မြို့ခံများနှင့် ဒေသခံများမှာ တွင်းရေကိုသုံးစွဲနေကြရသည်ဟု ရွာမရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

"ဆည်ကရေပေးတာက ပုံမှန်မရတာ တစ်လောက်လောက်ရှိနေပြီ။ တွင်းရေကိုသုံးကြရပါတယ်" ဟု ပြောသည်။

ဂွမြို့မှာ ရေအရင်းအမြစ်ကောင်းသည့် မြို့တစ်မြို့ဖြစ်ပြီး မြေအောက်အနက် ၇ ပေ၊ ၈ ပေခန့်တူးလျှင် ရေချိုတွေ့နိုင်သည့်အတွက် အဆိုပါကွင်းလျားရှည်ဆည်မှ ရေပေးဝေစနစ်ကို လုံးလုံးမှီခိုနေရခြင်းမဟုတ်ကြောင်း ရဟိုင်ကွင်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

"မြို့ပေါ်မှာဆိုလည်း အိမ်တိုင်းနီးပါး ရေတွင်းတွေရှိကြတော့ ဒီဆည်ရေပေးစနစ်ကိုပဲ လုံးလုံးမှီခိုနေရတာမျိုးမဟုတ်ဘူး။ အဲလိုသာ မှီခိုနေရမယ်ဆိုရင် မြို့နေလူထုတွေ အကုန်ဒုက္ခရောက်နေလောက်ပြီ"ဟု ပြောသည်။

အဆိုပါဆည်ကို NLD အစိုးရလက်ထက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျပ်သိန်းပေါင်း ၆၀၀၀ ကျော်အကုန်ကျခံ တူးဖော်ခဲ့သော်လည်း လက်ရှိတွင် ရေခမ်းခြောက်နေပြီဟု ဒေသခံများက ပြောသည်။

ရခိုင်မြို့နယ်များတွင် အများပြည်သူကိုရေးပေးဝေနေသည့် ဆည်တမံနှင့် ရေကန်များမှာ နှစ်စဉ်နွေရာသီမကျရောက်မီကပင် ရေခမ်းခြောက်လေ့ရှိပြီး မြို့သူမြို့သားများမှာ ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေကြရသည်ဟု ဆိုသည်။ (NN-23)

ဆက်စပ် သတင်းများ