အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

အပေါက်ဝရွာတွင် စစ်ကောင်စီ၏လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ရွာသား ၂ ဦးသေဆုံး၊ ၄ ဦး ပြင်းထန်ဒဏ်ရာရ


  • ရေးသူ: Web Master (NN 12,NN 16)
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာတွင် ကန်စောက်အနီး စစ်ကောင်စီအမြောက်တပ် ၅၃၉ မှ ယနေ့ညနေက ပစ်ခတ်သည့်လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ၍ ကျည်စထိမှန်ကာ ရွာသား ၂ ဦးသေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရသွားကြောင်း သိရသည်။

သေဆုံးသွားသူများမှာ အပေါက်ဝရွာ ချောင်းဖျားရပ်ကွက်မှ အမျိုးသမီးတစ်ဦး(ကျေးရွာသားများအခေါ် သာထိုးမိ)၊နှင့် ပေါ်တော်မူရပ်ကွက်၊ ရွာဦးထွက်လမ်းမှ ဦးအောင်ကျော်ဇောတို့ဖြစ်သည်။

ပြင်းထန်ဒဏ်ရာရသွားသူများမှာ အပေါက်ဝရွာ၊ ပေါ်တော်မူရပ်ကွက်၊ ရွာဦးထွက်လမ်းမှ ဦးအောင်ကျော်ဇော၏ ဇနီးဖြစ်သူနှင့် သား ၃ ဦးတို့ဖြစ်သည်ဟု ကနဦးသတင်းများအရ သိရသည်။

ရွာသားတစ်ဦးက "ကိုအောင်ကျော်ဇောကတော့ ဆုံးသွားတယ်။ သူ့ဇနီးကတော့ ပေါင်တစ်ဖက်ပြတ်သွားတယ်။ ကျန်တဲ့သူ့သားတွေလည်း လက်တွေပိုင်းပြတ်သွားတယ်လို့ ပြောတယ်။ အတိအကျသွားကြည့်လို့မရသေးဘူး။ ထိခိုက်တာကတော့ သူ့မိသားစု ၅ ယောက်လုံးပါပဲ။ ချောင်းဖျားရပ်ကွက်က အမျိုးသမီးတစ်ဦးလည်း ကျည်စထိပြီး ဆုံးသွားတယ်။ သူ့ကိုတော့ သာထိုးမိလို့ ရွာသားတွေကခေါ်ကြတယ်" ဟု ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက်၊ ညနေ ၅ နာရီခန့်က အပေါက်ဝကျေးရွာအနီးသို့ ကန်စောက်ရွာအနီးရှိ ၅၃၉ အမြောက်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် အပေါက်ဝရွာရှိ ချောင်းဖျားရပ်ကွက်နှင့် ပေါ်တော်မူရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ယခုကဲ့သို့ ထိခိုက် သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

အပေါက်ဝကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ကျေးရွာသားများမှာ လက်ရှိအချိန်ထိ ဗုံးခိုကျင်းများတွင်ပုန်းခိုနေရဆဲဖြစ်သည်ဟုလည်း သိရသည်။

ယနေ့ ညနေ ၄ နာရီခန့်က ကျောက်တော်ဘက်မှ ကုလားတန်မြစ်အတိုင်း ဆင်းလာသည့် စစ်ကောင်စီ ဇက်ရေယာဥ်တစ်စီးသည်လည်း အပေါက်ဝရွာအနီးတွင် လက်နက်ငယ်များဖြင့် မိုးပေါ်ခြောက်လှန့်ပစ်ခတ်ခဲ့သည်ဟု ရွာသားများက ပြောသည်။

ဇက်ရေယာဥ်ကပစ်ခတ်အပြီး ၅၃၉ တပ်ဘက်မှ လက်နက်ကြီးများပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ညနေ ၅ နာရီခွဲခန့်မှစတင်ကာ ရပ်တန့်နေပြီဟု သိရသည်။

အပေါက်ဝကျေးရွာရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲစခန်းတစ်ခုလုံးသည် ယနေ့နံနက် ၁၁ နာရီခွဲကျော်ခန့်က ရက္ခိုင့်တပ်တော်(AA)ထံသို့ လက်နက်အပြည့်အစုံဖြင့် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အပေါက်ဝရဲစခန်းကို AA က လက်နက်ချလျှင်ချ၊ မချလျှင် တိုက်မည်ဟု ပြောကြားခဲ့ရာ အပေါက်ဝရဲစခန်းတစ်ခုလုံးမှ ရဲတပ်ဖွဲ့ ၂၆ ဦးသည်  လက်နက်ခဲယမ်းများကိုအပ်ကာ AA ထံသို့ အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းသို့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များလက်နက်ချဝင်ရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ ဇက်ရေယာဥ်များနှင့် ၅၃၉ တပ်တို့က လက်နက်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။ (NN-12/16)

ဆက်စပ် သတင်းများ