သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေမြို့ လုံခြုံရေးတင်းကျပ်ပြီး နေရာအချို့တွင် စစ်တပ်နှင့်ရဲပူးပေါင်းအဖွဲ့က စစ်ဆေးမှုများရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 6.6k

ချစ်အိလှိုင်

နိရဥ္စရာ၊ သြဂုတ် ၇/ ၂ဝ၂၁

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ညပိုင်းတွင် လုံခြုံရေးတင်းကျပ်မှုများရှိလာပြီး စစ်တပ်နှင့် ရဲပူးပေါင်းအဖွဲ့တို့က ဆိုင်ကယ်နှင့်သွားလာနေသည့် လမ်းသွား၊ လမ်းလာများကို ရပ်တန့်စစ်ဆေးမှုများ ရှိနေကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ မင်းဂံရပ်ကွက်နှင့် မီးစက်ကြီးအဝိုင်းအနီးတွင်လည်း ယမန်နေ့သြဂုတ်လ ၆ ရက်ညနေ က စစ်တပ်နှင့် ရဲပူးပေါင်းအဖွဲ့များက လုံခြုံရေးယူထားပြီး လမ်းသွား၊ လမ်းလာများ၏ ဆိုင်ကယ်ဘောက်များကို ဖွင့်၍ စစ်ဆေးမှုများ ရှိကြောင်း ဒေသခံများက နိရဥ္စရာသတင်းဌာနကို ပြောသည်။

မင်းဂံရပ်ကွက်သားတစ်ဦးက ကျွန်တော်တို့အလုပ်ကအိမ်ပြန်တော့လမ်းမှာ ည ၇နာရီမှာ စစ်တာပါ။ ကျွန်တော်က ကားတစ်စီးကြားက ဖြတ်မောင်းပြီး ရှောင်လာခဲ့တော့ ကျွန်တော့ကိုမစစ်လိုက်ပေမယ့် တချို့ကိုဆိုင်ကယ်ဘောက်တွေဖွင့်စစ်နေတာတွေ့ခဲ့တယ်ဟုပြောသည်။

စစ်တွေမြို့ မီးစက်ကြီးခွဆုံအနီးတွင်နေထိုင်သူနောက်ထပ် စစ်တွေမြို့ခံတစ်ဦးကလည်း ည ၉ နာရီခန့်အထိ စစ်တပ်ကား နှစ်စီးတွေ့နေရကြောင်း ပြောသည်။

အဆိုပါစစ်ဆေးနေမှုများနှင့် ပတ်သက်၍  မင်းဂံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းအားမေးမြန်းရာ ၄င်းက အဲဒါဦးလေးကိုလည်း သတင်းမပေးပဲ သူတို့ လမ်းသွား၊ လမ်းလာကို ဆိုင်ကယ် ဘောက်တွေကို ဖွင့်စစ်တယ်လို့ပြောတယ်။ ဦးလေးတို့မင်းဂံမှာကတော့ အကွက်(၄) စာသင်ကျောင်းရှေ့မှာစစ်ခဲ့တယ်လို့ တစ်ယောက်သတင်းပေးတယ်။ ဖမ်းဆီးတာရှိလားဆိုတော့ ဦးလေးကို သူတို့အသိမပေးဘူး။ ရဲနဲ့စစ်တပ်ပါဟု ပြောသည်။

စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်အားမေးမြန်းရာတွင် ၄င်းအနေဖြင့် လုံခြုံရေးအရ လုပ်ဆောင်နေသည်ဟု ကြားသိရကြောင်းပြောသည်။

ဦးကျော်လွင်က အဲဒါက လုံခြုံရေးကိစ္စတွေဗျ။ ရဲတို့ဘာတို့ကို မေးမှရမယ်။ ကျွန်တော်တို့တော့ သိပ်မသိဘူး။ မြို့တွင်းလုံခြုံရေးအတွက် လုပ်နေတဲ့ပုံစံမျိုးပဲ။ ကျွန်တော်တို့ ဒီမြို့နယ်အနေနဲ့ လုပ်နေတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့လည်း တွေ့ပါတယ်ဟုပြောသည်။

စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဇော်နိုင်နှင့် ရခိုင်ပြည်နယ်လုံခြုံရေနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့အား နိရဥ္စရာသတင်းဌာနမှ ဖုန်းဖြင့် ဆက်သွယ်ရာတွင်လည်း ဖုန်းမကိုင်သဖြင့် ၄င်းတို့၏ သဘောထားတစ်စုံတစ်ရာကို တင်ပြနိုင်ခြင်းမရှိသေးပါ။

ဆက်စပ် သတင်းများ