သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ကို စစ်တပ်နှင့်ရဲက ညအချိန် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စစ်ဆေးမှုများရှိလာနေ၍ မြို့ခံများစိုးရိမ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 10k

ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၂၁/ ၂ဝ၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ကို စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ညအချိန်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စစ်ဆေးမှုများရှိလာနေ၍ မြို့ခံများ စိုးရိမ်နေကြကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၂ဝ ရက်နေ့ ည ၁ဝ နာရီခွဲခန့်က စစ်တွေမြို့နယ် ကျေးတောရွာမနှင့် ကျေးတောပိုက်ဆိပ်ရွာအဝင် လမ်းဆုံတွင် လက်နက်အပြည့်ဖြင့် စစ်တပ်အင်အား ၅ဝ ခန့်နှင့် ရဲတပ်ဖွဲ့ဝင်များသည် လမ်းသွား၊ လမ်းလာများကို ရပ်တန့်စစ်ဆေးကာ ဆဲဆိုအော်ငေါက်မှုများရှိခဲ့ကြောင်း အစစ်ဆေးခံခဲ့ရသည့်လူငယ်တစ်ဦးက နိရဥ္စရာအား ပြောသည်။
“ကျွန်တော့်ဆိုင်ကယ်ကို ရပ်ခိုင်းတော့ ဆိုင်ကယ်ကဘရိတ်မမိခင် ရှေ့နည်းနည်းရောက်သွားလို့ ကားပေါ်က စစ်သားတွေရော၊ ရပ်စစ်နေတဲ့ စစ်သားတွေကပါ ဆဲတယ်။ ကျွန်တော်လည်း ဒေါသဖြစ်တာရော၊ စိတ်ကဘယ်လိုမသိဘူး ခံစားသွားရတယ်။ ဆိုင်ကယ်ဘောက်တွေကို ဖွင့်စစ်ပါတယ်” ဟုပြောသည်။
၄င်းအပြင် လမ်းသွားလမ်းလာများကို စစ်ဆေးရာတွင် လူငယ်အချို့ရိုက်နှက်ခံခဲ့ရသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ကျေးတောပိုက်ဆိပ်အုပ်ချုပ်ရေးမှူးဦးဝင်းသာကမူ ယင်းကဲ့သို့ ရိုက်နှက်ခံခဲ့ရသည်ကို မကြားမိဟု နိရဥ္စရာအားပြောသည်။
“ဦးလေးကြားတာက ည ၁၁ နာရီလောက် ဆိုင်ကယ်နှစ်စီးနဲ့ ကောင်လေးနှစ်ယောက်တစ်စီး၊ တစ်ယောက်ကတစ်စီးကို စစ်သားတွေက ရပ်ခိုင်းတာကို ထွက်ပြေးလို့ စစ်သားတွေက လိုက်ကြတယ်ပေါ့။ ဖမ်းမမိလိုက်ဘူးဆိုတော့ ရိုက်တော့ ဘယ်လိုရိုက်မှာတုန်း၊ ရိုက်နှက်တာရှိတယ်လို့မကြားဘူး” ဟုပြောသည်။
၄င်းစစ်သားများနှင့် ရဲများမှာ ည ၁၁ နာရီခွဲခန့်တွင် ကျေးတောရွာမနှင့် ကျေးတောပိုက်ဆိပ်ရွာမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အလားတူ လွန်ခဲ့သည့် မတ်လ ၁၇ ရက်နေ့ ည ၁ဝ နာရီခွဲကလည်း စစ်တွေမြို့ စက်ရုံစုရပ်ကွက် မီးလောင်ကွင်းရှိနေအိမ်များကို စစ်တပ်အင်အား ၇ဝ ခန့်ဖြင့် ဝင်ရောက်စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စက်ရုံစုရပ်ကွက်နေသူတစ်ဦးက “အိမ်ထောင်စုနဲ့ လူဦးရေစာရင်းတွေမေးတယ်။ လက်နက်တွေနဲ့ဆိုတော့ စိုးရိမ်ကြတာပေါ့” ဟုပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း အစည်းဝေးတက်နေသည်ဟုဆိုကာ ဖုန်းချသွားခဲ့သည်။
ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကမူ ဥပဒေစိုးမိုးရေးကို ပြန်လည်လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း နိရဥ္စရာကို ပြောသည်။
“ဒီမှာ အိမ်ထောင်စုစာရင်းစစ်တာတွေ၊ ဘာတွေက မလုပ်တာကြာပြီပေါ့နော်။ အရင်တုန်းက တိုက်ပွဲအခြေအနေနဲ့မလုပ်တာတွေကို ပြန်ပြီးတော့ ဥပဒေစိုးမိုးရေးကို ပြန်လို့ လုပ်တဲ့သဘောပေါ့နော်။ တခြားတော့ မပါပါဘူး” ဟုပြောသည်။
အိမ်ထောင်စုစာရင်းစစ်ဆေးရာတွင် လဝက၊ ရဲနှင့် ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါရှိရမည်ဖြစ်သော်လည်း လက်ရှိတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသာ ဝင်ရောက်စစ်ဆေးနေသည့်အတွက် မြို့ခံများက ဝေဖန်မှုများရှိနေကြသည်ဟုလည်း သိရသည်။
ဓာတ်ပုံ - မတ်လ ၂ဝ ရက်ညက စစ်တွေမြို့နယ် ကျေးတောရွာမနှင့် ကျေးတောပိုက်ဆိပ်ရွာအဝင် လမ်းဆုံတွင် စစ်ဆေးခဲ့စဉ်။ Photo - သ ဉ္ဇာနွယ်/ နိရ ဉ္စရာ

ဆက်စပ် သတင်းများ