သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ယခုနှစ်ကျရောက်သည့် (၁ဝ)ကြိမ်မြောက် သက္ကမအမျိုးသားနေ့ကို ကိုဗစ်-၁၉ကြောင့် အကျဉ်းချုံးကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 5.8k

ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၇ / ၂ဝ၂၁

ရခိုင်မျိုးနွယ်စုဝင်များဖြစ်ကြသော သက္ကမလူမျိုးတို့၏ (၁ဝ) ကြိမ်မြောက် သက္ကမအမျိုးသားနေ့ကို ဇန်နဝါရီလ ၇ ရက်နေ့က မင်းပြားမြို့နယ်၊ ရွှေတောင်ကျေးရွာ၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အကျဉ်းချုံး ပြုလုပ် ကျင်းပ ခဲ့ကြောင်း သက္ကမ စာပေနှင့်ယဉ်ကျေးမှုအသင်းမှ သတင်းရရှိသည်။

နှစ်စဉ်နှစ်တိုင်းပြုလုပ်လာသော သက္ကမအမျိုးသားနေ့ကို အစဉ်အလာမပျက်စေလိုသောကြောင့် ခေါင်းဆောင်ပိုင်းများဖြင့် ပွဲကိုအကျဉ်းချုံးကျင်းပခဲ့ရကြောင်း၊ သက္ကမ အမျိုးသားနေ့ကို ကျင်းပရခြင်းမှာ ရည်ရွယ်ချက်မှာ တိမ်မြုပ်နေသော စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကားများ ပြန်လည်ဖော်ထုတ်ရန် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရန်ဆောင်ရွက်ပေးသူ အရှင်ဇောတိပါလ ကမိန့်ကြားသည်။

“ သက္ကမအမျိုးသားနေ့ကို ပြုလုပ်ရခြင်းရည်ရွယ်ချက်က မိမိရဲ့စာပေ ယဉ်ကျေးမှု ဘာသာစကား တိမ်မြုပ် နေတာတွေရှိတယ်။ နောက်ထပ် ဒိုင်းနက်နာမည်အစား မိမိတို့လိုချင်တဲ့ သက္ကမ နာမည်ကို ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမတွေ တိုင်းရင်းသားတွေ သိစေချင်တဲ့ ရည်ရွယ်ချက်လည်းပါတာပေါ့။ နိုင်ငံတကာမှာရှိတဲ့ ဦးဇင်းတို့လူမျိုးတွေ အမျိုးသားနေ့ဟာ ဒီလိုရှိတယ်ဆိုတာသိစေဖို့ပေါအမျိုးသားနေ့ကို လုပ်လာတာ ဒီနှစ်ဆို ၁ဝ ကြိမ်မြောက်ဖြစ်သွားပြီ ” ဟု ဆိုသည်။

အဆိုပါသက္ကမအမျိုးသားနေ့ကို ရခိုင်ပြည်နယ်၏ နေရာတစ်ခုတည်းမှာပြုလုပ်ကျင်းပ၍ မိမိတို့လူမျိုးများ ညီညွတ်ရေးကို ရည်ရွယ်ပြီး စုစည်းချင်သော ဆန္ဒရှိကြောင်း ၄င်းက ဆက်ပြောသည်။

 ̏ ဒီအမျိုးသားနေ့ကို ရခိုင်ပြည်ရဲ့မြို့နယ်တိုင်းမှာ လုပ်တာမဟုတ်ဘူး။ တစ်နေရာတည်းမှာ စုပြီးလုပ်ကြတာပေါ့။ ဟိုဘက်ဒီဘက် ခွဲမပေးချင်ဘူး။ တစ်နေရာတည်းမှာ စုစည်းချင်တယ်။ ဒီနှစ်တော့ ကိုဗစ်ကာလဆိုတော့ အဖွဲ့ခေါင်းဆောင်ပိုင်းတွေပဲ ခေါ်မယ်။ ခေတ်ကာလကောင်းတဲ့နှစ်တွေကဆို ရွာပေါင်းစုံ နယ်ပေါင်းစုံကလာပြီး ဒီအမျိုးသားနေ့မှာ စုစည်းကြတာပေါ့။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကပင် ဦးဇင်းတို့လူမျိုးတွေ လာကြတယ် ̋ ဟုပြောသည်။

သက္ကမ စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးကျော်ဇံက  ̏ ဒီနှစ်က ကိုဗစ်ကာလဆိုတော့ နှစ်တိုင်းခါလို စည်းစည်းကားကား မကျင်းပနိုင်ဘူး။ ပြီးတော့ ငွေကြေးအခက်ခဲလည်းရှိတာပေါ့။ ဒီအမျိုးသားနေ့ကို ကျနော်တို့အဖွဲ့က ခေါင်းဆောင်ပိုင်းတွေက တက်ရောက်ပြုလုပ်မှာဖြစ်တယ်။ နှစ်စဉ်လုပ်လာတဲ့ အမျိုးသားနေ့ကို မရပ်တန့်စေချင်တဲ့သဘောပေါ့။ အယင်နှစ်တွေကဆို ရခိုင်ပြည်က သက္ကမလူမျိုးတွေအပြင် နိုင်ငံတကာမှာရှိတဲ့သက္ကမလူမျိုးတွေလည်း ရောက်ကြတာပေါ့ ̋ ဟုပြောသည်။

၄င်းသက္ကမအမျိုးသားနေ့ကို ယခင်နှစ်များလို စည်စည်ကားကား မကျင်းပနိုင်၍ ရိုးရာယဉ်ကျေးမှုအက ကပြ ပြသခွင့်မရသဖြင့် စိတ်ထဲမှာခံစား ဝမ်းနည်းမိကြောင်း သက္ကမလူမျိုးဝင်တစ်ဦးဖြစ်သူ မနီနီလင်းက ပြောသည်။

“ ဒီနှစ်က အယင်နှစ်တွေလိုမျိုး ကျမတို့ သက္ကမအမျိုးသားနေ့ကို စည်စည်ကားကား  မကျင်းပနိုင်ဘူးပေါ့။ ကိုဗစ်ကြောင့်လည်းဖြစ်တယ်။ ကျမတို့ရခိုင်မှာ စစ်ရေးပဋိပက္ခဖြစ်နေတာလဲ တစ်ခုပေါ့။ ကျင်းပခွင့်ရတဲ့ နှစ်တွေမှာဆို ကျမတိုရဲ့ ရိုးရာယဉ်ကျေးမှုအကတွေ ကပြခွင့်ရတယ်။ ဝိုင်းဝန်းကူညီလုပ်ပေးခွင့်ရတယ်။ ပီတိဖြစ်ရတာပေါ့။ ဒီနှစ်က အယင်နှစ်တွေလိုမဟုတ်ဆိုတော့ စိတ်ထဲမှာ အရမ်းကြီးခံစားရတာပေါ့။ ဝမ်းနည်းမိတာပေါ့ ̋ ဟုပြောသည်။

သက္ကမအမျိုးသားနေ့ကို ၂ဝ၁၂ ခုနှစ်မှစ၍ မင်းပြားမြို့နယ်၊ လက်ပန်ကုန်း ကျေးရွာတွင် စတင် ပြုလုပ်ခဲ့ပြီး  (၁ဝ) ကြိမ်မြောက် သက္ကမအမျိုးသားနေ့ကို ရွှေတောင်ကျေးရွာတွင် ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း သက္ကမလူမျိုးတို့သည် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မောင်တောနှင့် ဘူးသီးတောင် ၄င်းမြို့နယ်များတွင် အများဆုံးနေထိုင်ကြ၍ ကျန်မြို့နယ်များ၌ အနည်းငယ် နေထိုင်လျက် ရှိကြောင်းနှင့် ရခိုင်ပြည်နယ်တွင် သက္ကမလူမျိုး ၄ဝဝဝဝ ခန့်ရှိ၍ ပြည်ပရောက် သက္ကမလူမျိုး ၅ဝဝဝ ခန့်ရှိကြောင်း  မင်းပြားမြို့နယ် သက္ကမစာပေနှင့် ယဉ်ကျေးမှု အသင်းမှ သိရှိရသည်။

ဆက်စပ် သတင်းများ