တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

(၆)ကြိမ်မြောက် မြိုအမျိုးသားနေ့ကို မောင်တောတွင်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 2.8k

သဥ္ဇာနွယ်
နိရဥ္စရာ၊ မေ ၆ / ၂၀၂၂
နှစ်စဥ်ကဆုန်လဆန်း (၇) ရက်တွင်ကျရောက်လေ့ရှိသော ရခိုင်မျိုးနွယ်စုဝင် မြိုလူမျိုးတို့၏ အမျိုးသားနေ့ကို မောင်တောမြို့တွင် ယနေ့ ကျင်းပသည်ဟု သိရသည်။
မောင်တောမြို့၊သုံးမိုင်ရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ မေလ ၆ ရက်နေ့ နံနက်မှ စတင်ကာ အခမ်းအနားများဖြင့် ကျင်းပနေသည်ဟု မြိုစာပေနှင့်ယဥ်ကျေးမှူး ဥက္ကဌ ဦးဇနီဖြူက နိရဥ္စရာကိုပြောသည်။
" ဒီအချိန်က ကျနော်တို့မြိုလူမျိုးရဲ့ တောင်ယာစပါးပျိုးဦးချတဲ့အချိန်ဖြစ်လို့ အဲ့ဒါကိုဦးတည်ပြီး အမျိုးသားနေ့ကို လုပ်ရခြင်းဖြစ်ပါတယ်"ဟုပြောသည်။
မြိုလူမျိုးတို့သည် တောင်ယာစပါးကို အဓိက စိုက်ပျိုးပြီး အသက်မွေး ဝမ်းကျောင်းပြုကြသဖြင့် တောင်ယာစပါး စတင်စိုက်ပျိုးသည့်ကာလကို အစွဲ ပြု၍ ကဆုန်လတွင် မြိုအမျိုးသားနေ့ကို ကျင်းပကြသည်ဟု သိရသည်။
မြိုအမျိုးသားနေ့တွင် သံဃာတော်များ၏ အမိန့်သြဝါဒများကိုခံယူခြင်း၊ ဟောပြောပွဲပြုလုပ်ခြင်း၊ ရိုးရာအဝတ်အစားများဖြင့် ကပြဖြေဖျော်ခြင်း၊ တက်ရောက်လာသူများကို ထမင်းဧည့်ခံကျွေးမွေးခြင်းစသည်တို့ကို ပြုလုပ်ကြသည်ဟု ဆိုသည်။
" ကျနော်တို့မြိုလူမျိုးတို့ရဲ့ ဓလေ့ထုံးစံ၊ စာပေယဥ်ကျေးမှုတွေကို မြန်မာနိုင်ငံ ရခိုင်ပြည်အနှံ့ ဖော်ဆောင်သွားဖို့ရည်ရွယ်ချက်ရှိပါတယ်။ အမျိုးသားနေ့ ကျင်းပတာကလည်း မြိုလူမျိုးတွေ စုစုစည်းစည်းရှိရေးနဲ့ မြိုအမျိုးသားတွေရဲ့ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကို ဖော်ထုတ်ပြသဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာပါ"ဟု ပြောသည်။
အမျိုးသားနေ့ အကြို မေလ ၅ ရက် ညနေ့လည်း မြိုအမျိုးသားနေ့ကြိုဆိုသည့် အနေဖြင့် ရခိုင်အဆိုတော်များ၊ ရခိုင်မျိုးနွယ်စုဖြစ်သော သက်၊ မြို၊ ရခိုင်တို့၏ ရိုးရာအကများဖြင့် တင်ဆက် ကပြ ဖြေဖျော်ခဲ့ကြသည်ဟု ဦးဇနီဖြူကဆက်ပြောသည်။
ယနေ့ကျရောက်သော ရခိုင်မျိုးနွယ်စုဝင်မြိုအမျိုးသားနေ့ကို ရခိုင်အပါအဝင် တိုင်းရင်းသား မျိုးနွယ်စုများကပါ လှိုက်လှဲစွာကြိုဆိုကြောင်း သိရသည်။
(Photo by MYNG)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!