တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

အာရှတိုက်၏ဒုတိယအကြီးဆုံးဒီရေတောဖြစ်သည့် ဝန်ဖိုက်ဒီရေတောတွင် စစ်ကောင်စီက ဧက ၁၀၀စိုက်ပျိုးရန်ပြင်ဆင်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 5.7k

နိရဥ္စရာ၊ မတ် ၂/၂၀၂၃

သစ်ပြုန်းတီးမှုများရှိနေသည့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ အာရှတိုက်၏ဒုတိယအကြီးဆုံးဖြစ်သောဝန်ဖိုက် ဒီရေတောတွင် စစ်ကောင်စီက ဒီရေတော ဧက ၁၀၀ စိုက်ပျိုးရန်ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ်များကို ကာကွယ်ရန်အတွက်ဟုဆိုကာ လာမည့် ဇွန်လမှစတင်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် စုစုပေါင်း ဒီရေတောဧက ၂၅၅၀ စိုက်ပျိုးသွားမည်ဖြစ်ပြီး ယင်းအနက် ရခိုင်ရှိ ဝန်ဖိုက်ဒီရေတောတွင် ဧက ၁၀၀ စိုက်ပျိုးသွားမည်ဟု စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းသို့စိုက်ပျိုးရာတွင် တစ်ဧကလျှင် ဒီရေပင် ၁၂၁၀ အထိ စိုက်ပျိုးသွားမည်ဖြစ်ပြီး ဒီရေတော သစ်မျိုးများဖြစ်သည့် ဖြူးခြေထောက်အဖို၊ ဖြူးခြေထောက်အမ၊ ဖြူအုပ်ဆောင်း၊ သမဲ့ကြီး၊ ဖြူးရွှေဝါ၊ ကနစိုး၊ လမု၊ လမဲ့၊ သေရာ၊ ပင်လယ်အုန်းနှင့် အိတ်မသွယ် စသည့်သစ် မျိုးများကို စိုက်မည်ဟု ဆိုသည်။

၂၀၂၀ ပြည့်နှစ်နှင့်၊ ၂၀၂၁ ခုနှစ်တို့တွင် ဝန်ဖိုက်ဒီရေတောမှ သစ်ခိုးထုတ်မှုအများဆုံးရှိခဲ့ပြီး အရွယ်ရောက် အပင်ကြီးများ အားလုံးနီးပါးအခုတ်ခံခဲ့ရကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေး လှုပ်ရှားနေသူများကပြောသည်။

လက်ရှိမှာ ယခင်လောက် သစ်ခိုးထုတ်မှုများများစားစားမရှိတော့သော်လည်း အရပ်သားပြည်သူများ တစ်ပိုင်တစ်နိုင် သစ်ခုတ်မှုများကို ပိတ်ပင်တားဆီးရန်ခက်ခဲကြောင်း ဝန်ဖိုက်ပြားတော ထိန်းသိမ်းရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးထွန်းကြည်က ပြောသည်။

"ဒေသထဲက လူတွေလိုက်ပြီးလှုပ်ရှားနေကြတာတော့ ရှိတယ်။ ခုတ်တာကတော့ ခုတ်နေကြတာပဲ။ တိုင်းပြည်ကလည်း မကောင်း၊ အလုပ်အကိုင်ကရှား၊ လူတွေကလည်း ဆင်းရဲမွဲတေမှုကလည်း မြင့်တက်လာတော့ ဟိုလည်း လိုက်ပိတ်၊ ဒီလည်း လိုက်ပိတ်ရင် ထမင်းငတ်ကြတော့မယ်။ လုပ်ရတာကလည်း တော်တော်အခက်အခဲပါပဲဟု ပြောသည်။

ရေလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် ရခိုင်ပြည်အတွက် ဒီရေတောများကို ကာကွယ်ထိန်းသိမ်းရန် အရေးကြီးသည်ဟု သူက ဆက်ပြောသည်။

ဒီရေတောတွေ ပြုန်းလာခြင်းအားဖြင့် ရေနေသတ္တဝါတွေ မျိုးစိတ်တွေအများကြီးပြုန်းလာတယ်။ ဒီတော့ သားငါးတွေဟာ စျေးနှုန်းတွေမြင့်လာတယ်။ ဒီရေတောတွေကို မထိန်းခြင်းအားဖြင့်တော့ ဆိုးကျိုးတွေ အများကြီး ရှိတယ်။ လတ်တလော ရခိုင်ပြည်နယ်ရဲ့အခြေနေအရ တခြား အလုပ်အကိုင်အခွင့်အလမ်း တစ်ခုလည်းမရှိတဲ့ အခါမှာတော့ အသုံးချနေကြရတယ်ပေါ့။ အဲ့ဒီအခြေအနေကို ကျော်လွန်ပြီး တခြား အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးပြီး ပြားတော (ဒီရေတော) တွေထိန်းသိမ်းသွားဖို့ကတော့ ဗျူဟာတွေသတ်မှတ်ပြီး လုပ်ဆောင်ဖို့လိုတယ်လို့ မြင်တယ်ဟု ပြောသည်။

ဝန်ဖိုက်ဒီရေတောသည် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင်ရှိပြီး အာရှတိုက်တွင် ဒုတိယအကြီးဆုံး ဒီရေတော ဖြစ်သည်။

ဧရိယာအားဖြင့် ဧက (၅၆,၆၃၃)ဧကကျယ်ဝန်းပြီး ၁၉၃၀ ပြည့်နှစ်က ကြိုးဝိုင်းအဖြစ် သတ်မှတ်ခံထားရသည့် ဒီရေတောလည်းဖြစ်သည်။

 

ဝန်ဖိုက်ဒီရေတောမှ ဒီရေပင်များအား ခိုးထုတ်ယူမှုမရှိစေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တစ်ခုကို ဒေသခံများက ပြီးခဲ့သည့်နှစ်တွင် ဖွဲ့စည်းခဲ့ကြသည်။

 

လက်ရှိတွင် အဆိုပါအဖွဲ့တွင် ငွေကြေးအခက်အခဲကြောင့် ထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည် မလုပ်ဆောင်နိုင်ဘဲ ရပ်နားထားရကြောင်း ဝန်ဖိုက်ဒီရေတောကာကွယ်ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင် ဦးထွန်းနိုင်က ပြောသည်။

"စက်လှေဖိုး၊ ဆီဖိုး ပိုက်ဆံတွေတအားကုန်ပါတယ်။ တာဝန်ခံတွေနဲ့ ပေါင်းစည်းပြီး ဒေသက လောလောဆယ် ထိန်းထားတယ်။ သူတို့လည်း ရေရှည်မှာတော့ မလိုက်နိုင်ဘူး။ ငွေကြေးပိုင်းဆိုင်ရာတွေက အဆင်မပြေနိုင်ဘူး" ဟု ပြောသည်။

လက်ရှိမှာ ရမ်းဗြဲမြို့နယ်အတွင်းမှ ULA နယ်မြေတာဝန်ခံများနှင့် ဖက်ကြပ်၊ ချောင်းနယ်၊ လက်ပံ၊ မရွတ်ချိန်၊ ရမ်းသစ်ချေ၊ ရမ်းသစ်ကြီး၊ အဝတောင် စသည့် ကျေးရွာများမှ ဒေသခံများစုပေါင်းကာ တစ်နိုင်တစ်ပိုင် ကာကွယ်ထိန်းသိမ်းရေး လုပ်ဆောင်နေကြောင်း သိရသည်။ (NN-7)

(ဓာတ်ပုံ-ကိုမျိုးလွင်)

ဆက်စပ် သတင်းများ