တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ်တွင် ရာသီဥတုဒဏ်ကာကွယ်နိုင်ရန် စိုက်ပျိုးထားသည့်သစ်ပင်များကို လူငယ်တစ်ဦးအကြောင်းမဲ့ဖျက်ဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 789

ဇွန်လ ၁၇ ရက်၊ ညနေ ၆ နာရီခွဲခန့်ကမြောက်ဦးမြို့နယ်၊ ပီပင်ရင်းကျေးရွာအဝင် ကားလမ်းအနီး စိုက်ပျိုးထားသည့်သစ်ပင်များထဲမှတစ်နှစ်သားအရွယ် "မန်ကျန်ရှား" သစ်ပင် ၅ ပင်ကို ဒေသခံလူငယ်တစ်ဦးကအကြောင်းမဲ့ ဓားနှင့်ခုတ်ပိုင်းဖျက်ဆီးခဲ့ကြောင်း သိရသည်။


ယခုဖျက်ဆီးခံလိုက်ရသည့် သစ်ပင်များမှာ တစ်နှစ်သားအရွယ် မကျန်ရှားပင်များဖြစ်ပြီး  အပင်အမြင့် ၆ ပေနှင့် ၇ ပေကြားရှိကာ ရာသီဥတုကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် မြောက်ဦးမြို့မှ "စိမ်းလန်းစီ"အဖွဲ့နှင့် ပီပင်ရင်းလူငယ်များအသင်းတို့ ပူးပေါင်းပြီး စိုက်ပျိုးထားသည့်  မန်ကျန်ရှားသစ်ပင် ၂၀၀ ခန့် အထဲက ဖြစ်ကြောင်း  ပီပင်ရင်း လူငယ်များအသင်းတာဝန်ရှိသူ လူငယ်တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

"စနေနေ့ ညနေပိုင်းက သစ်ပင်တွေကိုဓားနဲ့ခုတ်ပိုင်းပြီးဖျက်ဆီးသွားတာပါ။ ၄ ပင်ကိုဓားနဲ့ ခုတ်ပိုင်းခဲ့တယ်။ နောက်တစ်ပင်ကို အညွန့်တွေ၊ အကိုင်းအခက်တွေ အကုန်လုံး ခုတ်ချ ပစ်ခဲ့တာပါ" ဟု ပြောသည်။




အဆိုပါ "မန်ဂျန်ရှား" သစ်ပင် ၅ ပင်အား ညနေပိုင်းအချိန်ငါးရှာဖားရှာလာစဉ် ပေါက်တောပြင် ကျေးရွာမှ ဒေသခံလူငယ်တစ်ဦးက ဓားဖြင့်ခုတ်ထစ်ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ြောသည်။

သစ်ပင်များကို ဖျက်ဆီးခဲ့သည့်လူငယ်မှာ လက်ရှိပီပင်ရင်းကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေသည့် အသက် ၁၆ နှစ်အရွယ်လူငယ်တစ်ဦးဖြစ်ပြီး ၄င်းကိုယ်တိုင်က ကျေးရွာလူကြီးက ခေါ်ယူမေးမြန်းစဥ် သစ်ပင်များအား ခုတ်ထစ်ဖျက်ဆီးမိခဲ့သည်ဟု ဝန်ခံခဲ့သည်ဟုဆိုသည်။

သို့ရာတွင် သစ်ပင်များအားမည်သည့်အတွက်ကြောင့်ခုတ်ထစ်ဖျက်ဆီးသွားသည်ကို မေးမြန်းမရသဖြင့် တမင်တကာ အကြောင်းမဲ့ ဖျက်ဆီးသည်ဟု ယူဆမိကြောင်း ပီပင်ရင်းလူငယ်များအသင်းတာဝန်ရှိသူက ပြောသည်။

"သူကိုယ်တိုင်လည်း ဝန်ခံပါတယ်။ သစ်ပင်တွေကို သူခုတ်ပစ်ခဲ့တယ်ဆိုတာကို။ ဒါပေမယ့် ဘာကြောင့်ခုတ်ပစ်ခဲ့ရတာလဲဆိုတာတော့ သူမဖြေဘူး" ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ပီပင်ရင်း ရွာဝင်လမ်းတစ်လျှောက်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မိုးရာသီက မြောက်ဦးမြို့မှ "စိမ်းလန်းစီ"အဖွဲ့နှင့် ပီပင်ရင်းလူငယ်များအသင်းတို့ ပူးပေါင်းပြီး မန်ကျန်ရှားသစ်ပင် ၂၀၀ ခန့်စိုက်ပျိုးထားခြင်း ဖြစ်သည်။

 

ရခိုင်တွင် သစ်တောများ တစစပြုန်းတီးလာမှုကြောင့် ရာသီဥတုဖောက်ပြန်ပြီး မုတ်သုံကာလ သဘာဝ ဘေးအန္တရာယ်များကို နှစ်စဥ်ကြုံတွေ့နေရသည့် ရခိုင်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များက သစ်ပင်စိုက်ပျိုးမှုများပြုလုပ်နေသော်လည်း အဆိုပါသစ်ပင်များကို အ​ကြောင်းပြချက်မရှိ ဖျက်ဆီးသူများလည်းရှိနေကြောင်း သိရသည်။

အဆိုပါမန်ကျန်ရှားသစ်ပင်မျိုးမှာ ကြီးထွားမှုနှုန်းမြန်ပြီး ပုံမှန်အားဖြင့် တစ်နှစ်လျှင် ၈ ပေမှ ၁၀ အထိကြီးထွား နိုင်သည်ဟု ဆိုသည်။

သဘာဝပတ်ဝန်းကျင်မြတ်နိုးသူများနှင့် လူငယ်အဖွဲ့အစည်းများက ရာသီဥတု ဖောက်ပြန်မှု ဒဏ်များမှ အကာကွယ်ရရန် သစ်ပင်များစိုက်ပျိုးနေချိန်တွင် အဆိုပါသစ်ပင်များအား အကြောင်းမဲ့မဖျက်ဆီး သင့်ကြောင်း စိမ်းလန်းစီအဖွဲ့တာဝန်ရှိသူ ကိုမြတ်မင်းစိုးက ပြောသည်။

"အခုဖျက်ဆီးသွားတဲ့လူငယ်ဖက်ကလည်း မသိလို့ ဖျက်ဆီးတာမျိုးဆိုပေမယ့် နောက်ထပ် တစ်ကြိမ် ဒီလိုသစ်ပင်တွေကိုဖျက်ဆီးတာမျိုးတွေ မဖြစ်ဖို့ကျွန်တော်တို့ မျှော်လင့်တယ်။ ဒီသစ်ပင်တွေက ပြည်သူအတွက် စိုက်ထားတဲ့ပြည်သူပိုင်ပစ္စည်း ဖြစ်နေတယ်လေ။ အဲဒါကြောင့် နောက်နောင်မဖျက်စီးကြဖို့ကိုပြောချင်ပါတယ်" ဟု ပြောသည်။

စိမ်းလန်းစီအဖွဲ့သည် ပြည်တွင်းပြည်ပမှ အလှူရှင်များ၏ အလှူငွေများဖြင့် ကျေးရွာများတွင် ရာသီဥတုဒဏ်ကာကွယ်နိုင်ပြီး နှစ်ရှည်အရိပ်သစ်ပင်များ စိုက်ပျိုးနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်းသိရသည်။

ယခုနှစ်မိုးရာသီတွင်လည်း  မြောက်ဦးမြို့နယ်အတွင်းသစ်ပင်ပေါင်း ၁ သိန်းခန့် စိုက်ပျိုးရန် လျာထားပြီး မကြာမီစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ တခြားမြို့နယ်မှ သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေးအဖွဲ့အစည်းများကလိုအပ်သည့် ပျိုးပင်များကိုလည်း ကူညီ ပေးသွားမည်ဟု ကိုမြတ်မင်းစိုးက ပြောသည်။

မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းတွင်တည်ရှိသော ရခိုင်ပြည်နယ်သည် ပထဝီ အနေအထားအရ မိုးများခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းတို့အပြင် ဆိုင်ကလုန်းမုန်တိုင်း၊ ဆူနာမီ၊ မုန်တိုင်းဒီရေလှိုင်းစသော ရာသီဥတုပြောင်းလဲမှု၏ ဘေးအန္တရာယ် ဆိုးကျိုးသက်ရောက်မှုကို ခံရနိုင်ခြေများနေသဖြင့် သစ်ပစ်များကို စိုက်ပျိုးရန်၊ ထိန်းသိမ်းရန် အထူးလိုအပ်နေသည့် ဒေသဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် မေ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ပြင်းထန် မိုခါ မုန်တိုင်းအပြင်  ၂၀၁၀ ပြည့်နှစ်က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းဂီရိ၊၂၀၀၆ ခုနှစ်တွင် တိုက်ခတ်ခဲ့သော မာလာမုန်တိုင်း၊၂၀၁၅ ခုနှစ်တွင်တိုက်ခတ်ခဲ့သော ကိုမန်ဆိုင်ကလုန်း မုန်တိုင်းနှင့် ၂၀၁၆ ခုနှစ်တွင်တိုက်ခတ်ခဲ့သော မိုရာဆိုင်က လုန်မုန်တိုင်းများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝဘေးအန္တရာယ်များမှာ ရခိုင်ဒေသရှိ တောတောင် များရှိ သစ်တောများ၊ မြစ်ချောင်းအင်းအိုင်များရှိ ဒီရေတောများ တဖြည်းဖြည်း ပြုန်းတီးလာမှုနှင့် တိုက်ရိုက်သက်ဆိုင်နေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက သုံးသပ်ပြောဆိုကြသည်။

အမ်းမြို့က သဘာဝပတ်ဝန်းအရေးတက်ကြွလှုပ်ရှားသူလူငယ် ကိုမျိုးလွင်က "အဓိကတော့ သစ်တောပြုန်းတီးမှုနဲ့လည်း ဆက်စပ်မှုရှိတယ်။ သစ်တောတွေပြုန်းတီးလာတဲ့အခါ ရွာချ လိုက်တဲ့ မိုးတွေဟာ အခိုးအငွေ့အဖြစ်နဲ့ မိုးသီးပြန်မဖြစ်လာတော့ဘူး။ သစ်တောတွေရှိတဲ့ အခါ မိုးရွာရင်လည်း အခိုးအငွေ့တွေက ပြန်ပြီး မိုးအဖြစ်ရွာတယ်။ နောက်တစ်ခုက ပင်လယ်က လာတဲ့ မိုးရိပ်တွေကလည်း ရခိုင်ရိုးမမှာ သစ်တောကြီးတွေသိပ်မရှိတော့တဲ့အခါ မရပ်တော့ဘူး။ အဓိကတော့ သစ်တောပြုန်းတီးမှုနဲ့ အများကြီးဆိုင်တယ်လို့ပြောလို့ ရတယ်" ဟု သုံးသပ်ပြောဆိုသည်။

လက်ရှိ မေလ ၁၄ ရက်ကတိုက်ခတ်သွားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့်လည်း ရခိုင်ဒေသ တောတောင်များရှိ သစ်ပင်များ၊ မြို့နယ်နှင့်မြို့ပေါ်များရှိ နှစ်ရှည်အရိပ်ရ သစ်ပင်ကြီးများ ကျိုးပိုင်းသေဆုံးမှု အမြောက်အများရှိခဲ့သည့်အတွက် ရခိုင်ဒေသတွင် သစ်ပင်များအစားထိုးစိုက်ပျိုးရန်အထူးလိုအပ်နေကြောင်းလည်း သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ပြောသည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်တွင် သစ်ပင်အများအပြား ပြိုလဲပျက်စီးသွားခဲ့သဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ယခုအခါ အဆိုပါ နေရာများတွင် အရိပ်ရ သစ်ပင်များကို အစားထိုးစိုက်ပျိုးနေသည်ဟု သိရသည်။

ဇွန်လ ၁၇ ရက်မှစတင်ကာ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာရှိ လမ်းတလျောက်တွင် အရိပ်ရသစ်ပင်များကို စတင်စိုက်ပျိုးနေခြင်းဖြစ်သည်ဟု ယမန်နေ့ ဇွန်လ ၂၀ ရက်၊ ညပိုင်း၌ ULA/AA က ထုတ်ပြန်ခဲ့သည်။ (NN-23)

 

ဓာတ်ပုံ - စိမ်းလန်းစီ

ဆက်စပ် သတင်းများ