တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

သံတွဲမြို့ နံတော်‌တောင်ဘုရားအနီးတဝိုက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေ၊ ရွှေကျောင်းပြင်ရွာကို ဗုံးကြဲ၍ ၂ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

စစ်ကောင်စီ သံတွဲတွင် ညမထွက်ရ အမိန့်ထုတ်


လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၂၃ ရက်/၂၀၂၄

 

ရခိုင်ပြည်မှ ခရိုင်မြို့တစ်ခုဖြစ်သည့် သံတွဲမြို့တွင် ညမထွက်ရအမိန့်ကို စစ်ကောင်စီက ထုတ်ပြန် လိုက်ပြီး မြို့ပေါ်ရှိ နံတော်‌တောင်ဘုရားပေါ်နှင့် တောင်ခြေပတ်လည် အနီးတဝိုက် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိနေကာ ရွှေကျောင်းပြင်ရွာကို ဗုံးကြဲ၍ ရွာသား ၂ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

 

အမည်မဖော်လိုသူ ဒေသခံ တစ်ဦး “ သံတွဲမြို့ နံတော်‌တောင်ဘုရား ပေါ်နဲ့တောင်ခြေပတ်လည် အနီးတဝိုက် နှစ်ဖက်တိုက်ပွဲ အပြင်းထန်နေတယ်။ ရွှေကျောင်းပြင် ကျွန်းပိုင်းကိုလည်း လက်နက်ကြီး ကျတယ်။ အေအေက မြို့နဲ့ အနီးဆုံးနေရာ တချို့သို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီလို့ သိရပါတယ်  “ဟု ရွှေကျောင်းပြင် ဒေသခံတစ်ဦးမှ ပြောသည်။

 

ရွှေကျောင်းပြင်ရွာတွင်လည်း လေယာဉ်ဖြင့် ဗုံးကြဲ၍ ရွာသား  ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

 

“  ရွှေကျောင်းပြင်ရွာ ဂျိက္ကတောင်ပိုင်းမှာ ရွာသား ၂ ယောက်သေတယ်။ နွားတစ်ကောင်လည်း သေတယ်။ ပလီတောင်နားရပ်ကွက်မှာ ဒဏ်ရာ ၃ ယောက်ရတယ်။ ရှပ်ထိတာ။ ဇွန်လ ၂၂ရက်နဲ့  ၂၃ရက် နှစ်ရက် ဆက်တိုက် ဗုံးကြဲခဲ့တဲ့အခါ သေဆုံး ထိခိုက်သွားကြတာ” ဟု ၎င်းက ပြောကြားသည်။

 

ဇွန်လ ၂၂ရက်နေ့ည ၈ နာရီ အချိန်တွင်  စစ်ကောင်စီမှ ရွှေကျောင်းပြင်ကျေးရွာအား ဗုံးကြဲခဲ့ခြင်းကြောင့် ဒေါ်မေသန်းလွှင် (၅၄ နှစ်) နှင့် မောင်ချစ်သက်ပိုင် (၂၈ နှစ်) တို့ သေဆုံးသူခဲ့ကြသည်။  ဒေါ်မလှ၀င်း (၅၄ နှစ်) နှင့် ဒေါ်နု (၅၇ နှစ်)၊အမည်မသိရသော အမျိုးသားတစ်ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။

 

၎င်းအပြင် စစ်ကောင်စီသည် ဇွန်လ ၂၂ ညပိုင်းမှ စတင်ပြီး ည ၉ နာရီ မှ မနက် ၄ နာရီ အတွင်း  ညမထွက်ရအမိန့်ကို လော်စပီကာဖြင့် လှည့်လည်ပြီး  ကြေညာခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

 

စစ်ကောင်စီသည် ဇွန်လ ၂၃ ရက် ယနေ့ နံနက်ပိုင်းအထိ  သံတွဲမြို့နယ်တွင် လေယာဉ်ဖြင့် ဗုံးကြဲလျက်ရှိပြီး နေအိမ်တချို့ပျက်စီးကာ လူထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်းသိရသည်။

 

ကျေးရွာသားများအား စစ်ရှောင်ရန် ရွှေ့ပြောင်းသွားလာခွင့်ကို စစ်ကောင်စီက တားမြစ်ထားပြီး တင်းကြပ်စွာ ပိတ်ဆို့ထားသဖြင့် ကင်းမော်-သံတွဲ လမ်းတစ်လျှောက်ရှိကျေး ရွာများမှဒေသခံများ ပိတ်မိလျက်ရှိကြောင်းသိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!