- Web Master
- ၂၈ ဇန်နဝါရီ ၂၀၂၄
စုစုပေါင်းလွှတ်ပေးသူ ၄ ဦးအထိရှိလာ(ဂါဇာသိမ်းပိုက်မှု အလျင်စလို မပြုလုပ်ရန် အမေရိကန်က အစ္စရေးကို သတိပေး)
ဖမ်းဆီးထားသော
ဓါးစာခံများအနက် သက်ကြီးရွယ်အို အစ္စရေးအမျိုးသမီးကြီးနှစ်ဦးကို ဟားမတ်စ်တို့က
ပြန်လည် လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အောက်တိုဘာလ ၂၃ ရက်က ကြေညာခဲ့သည်။
အဆိုပါအမျိုးသမီးကြီး
နှစ်ဦးမှာ အောက်တိုဘာ (၇)ရက်နေ့က ဟားမတ်စ်တို့၏ အစ္စရေးနယ်မြေထဲ
အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်မှုအတွင်း ဖမ်းဆီးခံခဲ့ရသော ဓါးစာခံ ၂၀၀ ကျော်ထဲတွင်
ပါဝင်သူများ ဖြစ်သည်။
“ လူသားချင်း စာနာမှု နဲ့ ဆိုးရွားတဲ့ကျန်းမာရေးအခြေအနေတွေကြောင့် သူတို့နှစ်ဦးကို လွှတ်ပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု လက်နက်ကိုင် ပါလက်စ်စတိုင်းဟားမတ်စ်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ အဘူ အူဘိုင်ဒါ က တယ်လီဂရမ်ချန်နယ်တွင် ရေးသားဖော်ပြခဲ့သည်။
အစ္စရေးဝန်ကြီးချုပ်ရုံးကလည်း
နူးရစ် ကူးပါး(၇၉နှစ်) နှင့် ယိုချီဗက် လစ်ဖ်ရှစ်(၈၅နှစ်) ဆိုသူ
အမျိုးသမီးကြီးနှစ်ဦး ပြန်လည်လွတ်မြောက် လာကြောင်း နှင့် ၄င်းတို့ နှစ်ဦးကို
အစ္စရေးစစ်တပ်က လွှဲပြောင်းလက်ခံကာ ကျန်းမာရေးစစ်ဆေးရန်
ဆေးရုံသို့ခေါ်ဆောင်သွားကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့သည်။
၄င်း အမျိုးသမီးကြီး နှစ်ဦးမှာ ခင်ပွန်းသည်များနှင့်အတူ ဂါဇာနယ်စပ်အနီး ကစ်ဘတ်ဇ်ဒေသမှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူများဖြစ်ပြီး ၄င်းတို့၏ ခင်ပွန်းများကို ဟားမတ်စ်တို့က ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့်
သောကြာနေ့က အမေရိကန်အမျိုးသမီးတစ်ဦးနှင့် သူမ၏ သမီးတို့ကို ဟားမတ်စ်တို့
ပြန်လွှတ်ပေးခဲ့ပြီးနောက် ယခုထပ်မံ၍ အစ္စရေးအမျိုးသမီးကြီးနှစ်ဦးကို
လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
အမေရိကန်အစိုးရသည်
အစ္စရေးတို့၏ မိမိကိုယ်မိမိ ခုခံပိုင်ခွင့်အတွက် လူသိရှင်ကြား
ထောက်ခံမှုပြုလုပ်နေသော်လည်း အိမ်ဖြူတော်၊ ပင်တာဂွန် နှင့် နိုင်ငံခြားရေးဌာနတို့က
အစ္စရေးအား ဂါဇာသိမ်းပိုက်မှုကို အဆောတလျင် မပြုလုပ်ရန် နောက်ကွယ်မှ တိတ်တဆိတ်
သတိပေးလျက်ရှိနေသည်။
ပြီးခဲ့သည့်
သောကြာနေ့က မမျှော်လင့်ဘဲ အမေရိကန်နှစဦး ပြန်လွတ်လာပြီးနောက် အမေရိကန်၏
ဦးစားပေးအစီအစဉ်မှာ ဖမ်းဆီးခံထားရသော ဓါးစာခံများအားလုံး
ပြန်လည်လွတ်မြောက်ရေးအတွက် ညှိနှိုင်းမှုပြုလုပ်ရေးအတွက် အချိန်ရယူရန်ဖြစ်သည်ဟု
ဆိုသည်။
အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍မူ
သမ္မတ ဂျိုးဘိုင်ဒင်က “ ဖမ်းဆီးခံထားရသူတွေ
လွတ်မြောက်ပြီးမှ စကားပြောနိုင်မယ်” ဟု ပြောဆိုခဲ့သည်။
အစ္စရေးစစ်တပ်သည် ဂါဇာရှိ ပစ်မှတ်ပေါင်း တစ်ရာကျော်ကို တနင်္လာနေ့က ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး သေဆုံးသူများ မြင့်တက် လာနေသလို အရပ်သားများလည်း ပိတ်မိနေသည်ဟု သိရသည်။ အစ္စရေးတို့၏ ဗုံးကြဲမှုကြောင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း လူပေါင်း ၄၃၆ဦးသေဆုံးခဲ့ရသည်ဟု ဂါဇာကျန်းမာရေးဌာက ပြောကြားသည်။
NN-27
ref:CNA