သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

သံတွဲမြို့နယ် ဂျိတ္တောနှင့် ကွင်းဝိုင်းရေတပ်အကြားရှိ အဘဲကျေးရွာကို စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်၍ ဒေသခံပြည်သူ ၆ ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.8k

လူထက်နိုင်( ဒွါယာမြီ)၊နိရဥ္စရာ၊ ဇူလိုင် ၂၀ / ၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီ ပင်လယ်ကမ်းခြေအနီးရှိ ဂျိတ္တောကျေးရွာနှင့် ကွင်းဝိုင်းရေတပ်အကြားရှိ အဘဲကျေးရွာ အပါအဝင် အနီးအနားရှိ တောင်တန်းများကို စစ်ကောင်စီရေတပ်က ဇူလိုင်လ ၁၉ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ဒေသခံပြည်သူ ၆ ဦး ထက် မနည်းသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

“ သေဆုံးတဲ့ အထဲမှာ အမျိုးသမီးနဲ့ ကလေးတွေပါဝင်တယ်လို့ သိရပါတယ်။  အဘဲကျေးရွာသား ၄ ဦးနဲ့ ဂျိတ္တောကျေးရွာကနေ အဲဒီရွာဘက်မှာ စစ်ရှောင်နေသူ  ပြည်သူ ၂ ဦး၊ စုစုပေါင်း ၆ ဦးသေပါတယ်” ဟု   ဒေသခံ တစ်ဦးကပြောသည်။

အာရက္ခတပ်တော် ( AA) က ဂျိတ်တ္တောမှနေ ကွင်းဝိုင်းရေတပ်သို့ တပ်ဆုတ်လာသည့် စစ်ကြောင်းကို   ဇူလိုင်လ ၁၉ ရက်နေ့က အဘဲကျေးရွာအနီး တောင်တန်းနှင့် ထူပါရုံဘုရားအနီးဝန်းကျင် ကြားဖြတ် တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါနေရာများကို စစ်ကောင်စီရေတပ် စစ်ရေယာဉ်မှ  လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

“ ဂျိတ္တောရွာနဲ့ အဘဲရွာကြားက အမြင့်ဆုံးတောင်ကြောတစ်ခုရှိပါတယ်။  ရွှေပုဇွန် မုန့်တိုက်က ဝယ်ထားတဲ့အတွက် ရွှေပုဇွန်တောင်တန်းလို့  ပြည်သူတွေခေါ်ဆိုကြပါတယ်။ အဲဒီမှာ တိုက်ပွဲ ဖြစ်ကြတာ။ အဲဒီမှာ တိုက်ပွဲဖြစ်တော့ ရေတပ် အဘဲရွာကိုလက်နက်ကြီးနဲ့ ပစ်တာ။ အခု သေချာပြောလို့ရတာကတော့ လူ ၆ ယောက်သေတယ်။ ဒီထက်လည်း ပိုများနိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

သေဆုံးရာတွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး ၂ ဦး၊ မိခင်ဖြစ်သူ လယ်စိုက်ရာတွင် ပျိုးပင်ကူသယ်ပေးသူ လူငယ်တစ်ဦးတို့ ပါဝင်သည်ဟု ဒေသအခြေစိုက် ဒွာရ၀တီ သတင်းတွင် ဖော်ပြသည်။

ဒေသခံ တစ်ဦးက” နောက်ထပ်သေဆုံးတာတွေရှိနိုင်သေးတယ်။ တောင်တန်းတွေမှာ စစ်ကောင်စီ နောက်ဆုတ်လာတဲ့တပ်တွေကို ကူဖို့အတွင် အဲဒီ အဘဲရွာ ပတ်ဝန်းကျင်မှာ အင်အား ဖြည့်နေတာရှိတယ်။ ဆုတ်တဲ့တပ်ရော၊ အင်အားဖြည့်တဲ့ တပ်ရော အေအေက  ဖြတ်တိုက်နေတာ။ စစ်တပ်က အကျများတော့ လက်နက်ကြီးနဲ့ လှမ်းပစ်နေတာ။ ရွာကိုပစ်တော့ ကြားကနေ ပြည်သူတွေ သေတာပေါ့” ဟု ဒေသခံတစ်ဦးမှပြောသည်။

အဆိုပါ အဘဲကျေးရွာသည် ဂျိတ္တောကျေးရွာနှင့်ကုန်းလမ်းမှတစ်မိုင်ကျော်သာကွာဝေးပြီး လှေလမ်းမှ ၁၅ မိနစ်ခန့်စက်လှေမောင်းနှင်ပါက ရောက်ရှိနိုင်သည်ဟု သိရသည်။

မြေပြင်တိုက်ပွဲများတွင် အရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် လူနေကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ဗုံးကြဲမှုခြင်းများကို ဆက်တိုက် ပြုလုပ်နေပြီး ရခိုင်တွင် အရပ်သား ထိခိုက်သေဆုံးမှုစာရင်းမှာလည်း တစ်နေ့ထက် တစ်နေ့ တိုးလာနေသည်ဟု သိရသည်။

တိုက်ပွဲများ စတင်ခဲ့သည့် ဧပြီလလယ်မှစတင်ကာ ယခုဇူလိုင်လအထိ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှု၊ လက်နက်ငယ်ဖြင့် အနီးကပ်ပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှုနှင့် မြေမြှုပ်မိုင်းများ လက်လွတ်စပယ်ထောင်မှုများကြောင့် သေဆုံးရသူအရပ်သား ရာဂဏာန်းဝန်းကျင်ထိ ရှိလာနေပြီ ဖြစ်ကြောင်းသိရသည်။

 

ဆက်စပ် သတင်းများ