အင်္ဂါ၊ အောက်တိုဘာလ ၁ရက်၊ ၂၀၂၄

ဟစ်ဇ်ဘိုလာခေါင်းဆောင် အသတ်ခံရပြီးနောက် အီရန် ထိပ်တန်းခေါင်းဆောင် ခါမေနီအား အီရန်နိုင်ငံ အတွင်းလုံခြုံသည့်နေရာသို့ပို့ဆောင်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 179

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၃၀/၂၀၂၄ (နိုင်ငံတကာ)

ဟစ်ဇ်ဘိုလာခေါင်းဆောင် အသတ်ခံရပြီး တစ်ရက်အကြာတွင် လုံခြုံရေး တိုးမြှင့်ထားသည့် ကြားက အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီအား အီရန်နိုင်ငံအတွင်း လုံခြုံသည့် နေရာသို့ပို့ဆောင် ထားရှိ ကြောင်း ရိုက်တာသတင်း၏ ဖော်ပြချက်အရသိရသည်။

ဘေရွတ်မြို့ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ နာစရာလာကို အစ္စရေးတို့က လုပ်ကြံသတ်ဖြတ်ခဲ့ပြီး နောက်တစ်နေ့တွင်  အီရန်၏ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီအား အီရန်နိုင်ငံအတွင်းရှိ လုံခြုံသောနေရာသို့ ခေါ်ဆောင်သွားကြောင်း သတင်း ရင်းမြစ်များက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

အီရန်တော်လှန်ရေးအစောင့်တပ်များသည် လုံခြုံရေးနှင့်ပတ်သက်ပြီး ကြီးမားသော စစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်နေသည်ဟု အီရန်လုံခြုံရေးအရာရှိတစ်ဦးကို ကိုးကား၍ ရိုက်တာ က ဖော်ပြခဲ့သည်။

အီရန်နိုင်ငံ၏ ထိပ်တန်း ဆုံးဖြတ်ချက်များကိုချမှတ်သူဖြစ်သည့်အလီ ခါမေနီအား အကာအကွယ် ပေးရန် အီရန်၏ လှုပ်ရှားမှုသည် အစ္စရေးတို့က ဟစ်ဇ်ဘိုလာအား အပြင်းအထန် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် အီရန်အာဏာပိုင်များ၏ တုန်လှုပ်ခြောက်ခြားနေ မှုကို ထုတ်ဖော် ပြသလိုက်ခြင်းပင်ဖြစ်သည်။

အစ္စရေး တိုက်လေယာဉ်များသည် လက်ဘနွန်တစ်ဝန်း ရှိဟစ်ဇ်ဘိုလာတို့၏ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်လျက်ရှိပြီး စက်တင်ဘာ (၂၇) ရက်က တိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန် နာစရယ်လာ ကိုသတ်ဖြတ်ခဲ့ပြီး ၊ တစ်ရက်အကြာ စက်တင်ဘာ (၂၈) ရက် တွင် ဟစ်ဇ်ဘိုလာ အကြီးတန်းအရာရှိ Nabil Kaouk ကို ထပ်မံသတ်ဖြတ်နိုင်ခဲ့ ကြောင်း အစ္စရေးစစ်တပ်ကစက်တင်ဘာ (၂၉) ရက် တွင် ကြေညာခဲ့သည်ဟု အယ်လ်ဂျာဇီးရားသတင်းဖော်ပြချက်အရသိရသည်။

၄င်းအပြင် အစ္စရေးတို့၏ အဆို ပါတိုက်ခိုက်မှုအတွင်း အီရန်တော်လှန်ရေးအစောင့်တပ်၏ လက်ထောက်တပ်မှူးဖြစ်သူ Abbas Nilforoushan သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်ကစက်တင်ဘာ (၂၉) ရက် (စနေနေ့)က ပြောဆိုခဲ့ကြောင်းရိုက်တာသတင်းကဖော်ပြသည်။

ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန် နာစရယ်လာ ကိုသတ်ဖြတ်ခံရအပြီးတွင် ခါမေနီက “ ဒီဒေသရဲ့ ကံကြမ္မာကို ရှေ့တန်းက ခုခံတိုက်ခိုက် နေကြ တဲ့ ဟစ်ဇ်ဘိုလာ တပ်ဖွဲ့တွေက ဆုံးဖြတ်ပေးလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

နာစရယ်လာသေဆုံးမှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံ၊ တီဟီရန်တွင် ဆန္ဒပြသူ ရာပေါင်း များစွာသည် တီဟီရန်မြို့၏ လမ်းမများပေါ်သို့ထွက်လာခဲ့ကြပြီး ဟစ်ဇ်ဘိုလာအလံများကို ဝှေ့ယမ်းကာ " အစ္စရေး သေဆုံးပါစေ " နှင့် "လူသတ်သမား နေတန်ယာဟုသေဆုံးပါစေ" ဟု ကြွေးကြော်ခဲ့ကြ သည်ဟု အေပီသတင်းက ဖော်ပြခဲ့သည်။

အီရန်သမ္မတ Masoud Pezeshkian ကလည်း နာစရလာ သတ်ဖြတ်ခံရမှုအတွက် အမေရိကန်အား အပြစ်တင်ခဲ့ပြီး ဝါရှင်တန်သည် အစ္စရေးအား လက်နက်များ ပေးအပ်နေခြင်းကြောင့်ဖြစ်သည်ဟု ပြစ်တင်ပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။  Source/နိုင်ငံတကာသတင်းများ

ဆက်စပ် သတင်းများ