သောကြာ၊ အောက်တိုဘာလ ၂၅ရက်၊ ၂၀၂၄

စစ်ကောင်စီက ဖမ်းဆီးထားသည့် မာန်အောင်မှစီးပွားရေးလုပ်ငန်းရှင် ဦးစည်သူအောင်ကို ပုဒ်မ ၅၀၅-က ဖြင့် စွဲချက်တင်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 750

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် စစ်ကောင်စီကဖမ်းဆီးထားသည့် စီးပွားရေးလုပ်ငန်းရှင် ဦးစည်သူအောင်ကို ပုဒ်မ ၅၀၅-က ဖြင့် စွဲချက်တင်လိုက်ပြီဟု သိရသည်။

မာန်အောင်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် စီးပွားရေးလုပ်ငန်းရှင် ဦးစည်သူအောင်(ခေါ်)ဦးခေါင်းဖြူကို ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်က မြို့နယ်တရားရုံးတွင် စွဲချက်တင်လိုက်ခြင်းဖြစ်သည်ဟု သူနှင့်နီးစပ်သူတစ်ဦးက နိရဥ္စရာကိုပြောသည်။

အဲဒီနေ့ကရုံးထုတ်ပြီးတော့ တရားစွဲလိုက်တယ်။ တခြားစွဲထားတဲ့အမှုတော့ မရှိသေးပါဘူး”ဟုပြောသည်။

ဦးစည်သူအောင်အား လာမည့် အောက်တိုဘာ ၁၉ ရက်တွင် ထပ်မံရုံးချိန်းထားပြီး မိသားစုနှင့်တွေ့ခွင့်ရသည်ဟုလည်း မာန်အောင်မြို့ခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

မာန်အောင်မြို့၊ မြို့သစ်ရပ်ကွက်ရှိ အသက် ၅၀ ကျော်အရွယ် ဗမာလူမျိုး ဦးစည်သူအောင်(ခေါ်)ဦးခေါင်းဖြူကို စက်တင်ဘာ ၁၉ ရက်၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ လာရောက်ကာ နေအိမ်အတွင်းမှ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မာန်အောင်မြို့ခံများက ပြောသည်။

သူသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအား ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်အတွကဟုဆိုကာ ဖမ်းဆီးအမှုဖွင့်လှစ်အရေးယူခြင်းဖြစ်သည်ဟု ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်တွင် စစ်ကောင်စီပိုင်သတင်းစာများက ထုတ်ပြန်ဖော်ပြခဲ့ကြောင်း သိရသည်။

ဦးစည်သူအောင် အမှုဖွင့်ခံထားရသည့် ပုဒ်မ ၅၀၅-က မှာ ပြည်သူလူထုအကြား ကြောက်ရွံ့ထိတ်လန့်စေခြင်း၊ ကောလာဟလ (မမှန်သတင်း)များဖြန့်ချိခြင်း၊ နိုင်ငံ့ဝန်ထမ်းများအပေါ် ရာဇဝတ်ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်(သို့) သွယ်ဝိုက် လှုံ့ဆော်လျှင်ပြစ်မှုမြောက်သည်ဟု သိရသည်။

ပြစ်ဒဏ်မှာ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း သိရသည်။

မာန်အောင်မြို့နယ်အပါအဝင် ရခိုင်ရှိ မြို့အချို့တွင်လည်း ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်က အမျိုးသမီးအချို့အပါအဝင် လူမှုရေးလှုပ်ရှားသူအချို့နှင့် ဒေသခံအချို့သည် PDF နှင့်ဆက်စပ်ပြီး PDF အား ငွေကြေး ထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီ၏ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသည်ဟု သိရသည်။

ဓာတ်ပုံ - ဦးစည်သူအောင်၏လူမှုကွန်ရက်

 

 

ဆက်စပ် သတင်းများ