သောကြာ၊ အောက်တိုဘာလ ၂၅ရက်၊ ၂၀၂၄

စစ်တွေမြို့တွင် အမျိုးသမီးများအပါအဝင် မြို့ခံ ၂၀ကျော်ကို စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 533

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၅/ ၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့တွင် အမျိုးသမီးများအပါအဝင် မြို့ခံ ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့အောက်တိုဘာလ ၂၄ ရက်၊ ညနေ ၇ နာရီခန့်က အချုပ်ကားတစ်စီး၊ စစ်ကား တစ်စီးဖြင့် ရဲများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များပူးပေါင်းကာ အင်အား ၁၀၀ ခန့်ပါဝင်သော စစ်ကြောင်းတစ်ခုသည် စစ်တွေမြို့ရှိ မင်းဂံအကွက် (၄)၊ (၅)၊ (၆)၊ (၇)၊ (၈)၊ (၉)၊ (၁၀)တို့တွင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်ဟု သိရသည်။

ပြီးနောက် လမ်းတွင်တွေ့သည့် လမ်းသွားလမ်းလာများကိုဖမ်းဆီးပြီးအဆိုပါရပ်ကွက်အတွင်းရှိ အိမ်များအတွင်းသို့ ဧည့်စာရင်းနှင့် မှတ်ပုံတင်များဝင်ရောက် စစ်ဆေးကာ မသင်္ကာသူများကိုလည်း ဆက်လက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

စုစုပေါင်း အမျိုးသမီးများအပါအဝင် မြို့ခံ ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

"စစ်ကားတွေနဲ့စစ်ကြောင်းထိုးဝင်လာတာ။ စစ်ကားတွေကို မင်းဂံအကွက် ၆ က ရဲစခန်းမှာ ရပ်ပြီးတော့ ခြေလျင်ဝင်ဖမ်းတာ။ ည ၇ နာရီဆိုတော့ လမ်းမှာလူတွေမပြတ်သေးဘူးလေ။ လမ်းသွားလမ်းလာ မြို့ခံတွေရှိသေးတယ်။ စစ်ကြောင်းနဲ့တွေ့လို့ ကြောက်ပြီး ထွက်ပြေးတဲ့သူတွေပါ လိုက်ဖမ်းသွားတယ်။ အမျိုးသမီးတွေလည်းပါသွားတယ်" ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများတွင် မင်းဂံအကွက်(၇)မှ မြို့ခံ ခုနစ်ဦးလည်း ပါဝင်သွားကြောင်း သိရသည်။

အဆိုပါဖမ်းဆီးခံရသူ ၂၀ ကျော်ကို မင်းဂံအကွက်(၆)ရှိ ရဲစခန်းသို့ခေါ်ယူလာခဲ့ပြီး ယင်းမှတဆင့် အချုပ်ကားတစ်စီးဖြင့် တင်ဆောင်ကာ ဆက်လက်ခေါ်ဆောင်သွားခဲ့သည်ဟု မျက်မြင်များက ပြောသည်။

မည်သည့်နေရာသို့ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးဟုလည်း ဆိုသည်။

စစ်တွေမြို့သည် စစ်ကောင်စီထိန်းချုပ်ထားဆဲမြို့ဖြစ်ပြီး မြို့နေလူထုအများအပြားမှာ စစ်ရေးအခြေအနေများကြောင့် ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းနှင့် ယခုနှစ် အစောပိုင်းတို့အတွင်း နေရပ်စွန့်ခွာတိမ်းရှောင်သွားကြပြီဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီက မြို့ပြင်သို့ထွက်ခွင့်မပေးဘဲ ဝင်ပေါက်ထွက်ပေါက်များကိုလည်း တင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားသည်

မြို့တွင်းတွင် ပိတ်မိနေသူများကိုလည်း နေ့ရော၊ ညပါ ဖမ်းဆီးလျက်ရှိနေသည်။

ဖမ်းဆီးခံရသူများအနက် အချို့ကို စစ်ကောင်စီက ငွေကြေးဖြင့် ရွေးခိုင်းပြီး ပြန်လွှတ်ပေးမှုများရှိသလို အချို့မှာလည်း ငွေကြေး မတတ်နိုင်သည့်အတွက် မိသားစုဝင်များနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူများလည်းရှိကြောင်း သိရသည်။

 

ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ