သောကြာ၊ အောက်တိုဘာလ ၂၅ရက်၊ ၂၀၂၄

ကျောက်ဖြူ စနဲမြို့အနီးရှိ မျောချောင်းရွာကို စစ်ကောင်စီရေတပ်က ဒရုန်းဖြင့်လာရောက်ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 392

(ဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင်နှင့် နေအိမ်တစ်လုံးပြိုပျက်)

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၅/၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ မျောချောင်းကျေးရွာကို စစ်ကောင်စီရေတပ်က တိုက်ပွဲမရှိဘဲ ယနေ့နံနက်တွင် ဒရုန်းဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၂၅ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က တောင်မော်ကြီးရေတပ်က ဒရုန်းဖြင့် ဗုံးနှစ်လုံးလာကြဲခဲ့၍ ဘုန်းတော်ကြီးကျောင်း၏ဆွမ်းစားဆောင်နှင့် ကျောင်းဆရာ ဦးဘ၏ နေအိမ် ပြိုပျက်စီးသွားသည်ဟု စနဲမြို့ခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"စနဲ အထက ကျောင်းက ကျောင်းဆရာရဲ့တိုက် လုံးဝပြိုပျက်သွားတယ်။ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်လည်းပြိုတယ်" ဟု ပြောသည်။

ယနေ့ဖြစ်စဉ်တွင် လူအထိအခိုက်မရှိကြောင်း စနဲ ဒေသမှ အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ရွာသားတွေက စစ်ရှောင်နေတော့ လူအထိအခိုက်မရှိဘူး"ဟု ပြောသည်။

တောင်မော်ကြီးရေတပ်စခန်းက စနဲမြို့နှင့်အနီးအနားကျေးရွာများကို ဒရုန်းများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာ ၂၀ ရက်၊ ညနေ ၃ နာရီခွဲခန့်ကလည်း စနဲမြို့နယ်ရှိ တောင်တန်းအချို့ကို အာရက္ခတပ်တော် (AA)ရှိသည်အထင်ဖြင့် ဒရုန်းဖြင့်ဗုံးကြဲချခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် အောက်တိုဘာလ ပထမအပတ်ကလည်း ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းဘက်မှ ကျောက်ဖြူမြို့ပေါ်သို့သွားသည့် ပညာရေးဝန်ထမ်းကားကို သစ်ပုတ်တောင်လမ်းခွဲတွင် ဒရုန်းဖြင့် လှမ်းပစ်ခဲ့သေးသည်။

အောက်တိုဘာ ၁ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ ကုလားမကျွန်းကျေးရွာမှ ဒေသခံ ခုနစ်ဦးသည် စနဲမြို့မှ ကုန်သွားဝယ်ပြီး စက်လှေတစ်စီးဖြင့် ပြန်လာစဥ် တောင်မော်ကြီးရေတပ်စခန်းက ဒရုန်းဖြင့် ပစ်ခတ်ခဲ့၍ ငါးဦး ဒဏ်ရာရရှိသွားခဲ့သည်။

ပြီးခဲ့သည့် မေလ ၈ ရက်၊ နံနက် ၈ နာရီကျော်ကလည်း စစ်ကောင်စီက စနဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ တောင်ငူစုရပ်ကွက်ရှိ ကားဂိတ်နှင့် စျေးဆိုင်ခန်းများတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဥ်အတွင်း အမျိုးသမီးတစ်ဦးသေဆုံးပြီး ဒေသခံ ၁၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - မေလ ၈ ရက်က စနဲမြို့ ဗုံးကြဲခံရမှုမြင်ကွင်း။ (Photo - Khant Min Kyaw)

ဆက်စပ် သတင်းများ