တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

KNU မူတြော်ခရိုင်၌ စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၇၄ ဦးသေဆုံးခဲ့ပြီး ၄၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 649

နိရဉ္စရာ၊ အောက်တိုဘာ ၆/၂၀၂၄

ကရင်ပြည်၊ မူတြော်ခရိုင်၌ စက်တင်ဘာလ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၇၄ ဦး သေဆုံးခဲ့ပြီး ၄၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက အောက်တိုဘာ ၄ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ သေဆုံးခဲ့ကြသူများအထဲတွင် တပ်ရင်းမှူး (၁) ဦး၊ တပ်ခွဲမှူး (၂) ဦးနှင့် ဒုတပ်ခွဲမှူး (၁) ဦးတို့ပါဝင်သည်ဟု ဖော်ပြပါရှိသည်။

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်၌ စက်တင်ဘာလ အတွင်း တိုက်ပွဲ ကြီး တိုက်ပွဲ ငယ်စုစုပေါင်း (၁၄၄) ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ကျဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းတိုက်ပွဲများကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၅)နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့မှ  ပူးပေါင်းဆင်နွှဲခဲ့သော တိုက်ပွဲများဖြစ်ပြီး  တော်လှန်ရေး တပ်ဖွဲ့များဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်း ဖော်ပြထားသည်။

တိုက်ပွဲများဖြစ်ပွားစဉ်အချိန်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်ဘက်မှ လေကြောင်း တိုက်ခိုက်မှုကို အဓိကအသုံးပြုပြီး ပစ်ကူပေးခြင်းနှင့် ရိက္ခာပို့ဆောင်ပေးခြင်းတို့ ကို လုပ်ဆောင်ခဲ့ကြသည်ဟု ဆိုသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများ အတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၁) ဦးသေဆုံးပြီး (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရ သည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (ပုံစာ- KNU က စစ်ကောင်စီထံက သိမ်းဆည်းရမိသည့် လက်နက်များ/ ပုံဟောင်းသာ)

ဆက်စပ် သတင်းများ