ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပတ်အီဆူးလ် အား ရာထူးမှ ထုတ်ပယ်၊ စစ်ပွဲအတွက် အသင့်ပြင်ဆင်ထားရန် ညွှန်ကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 690

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတစ်ဦးအား ရာထူးမှ ဖယ်ရှားလိုက်ပြီး ဖြစ်လာနိုင်သည့် စစ်ပွဲအတွက် အသင့်ပြင်ဆင်ထားရန်၊ စစ်လက်နက်များ ပိုမိုထုတ်လုပ်ရန် နှင့် စစ်ရေးလေ့ကျင့်မှု တိုးမြှင့်ပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဩဂုတ်၁၀ရက်နေ့တွင် ကြေညာလိုက်သည်။

 

မြောက်ကိုးရီးယား၏ ရန်သူများကို တုန့်ပြန်ရန် ရည်ရွယ်ပြုလုပ်သည့် ဗဟိုစစ်ကော်မရှင် အစည်းအဝေးတွင် ကင်ဂျုံအွန်းက ယခုကဲ့သို့ ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

 

မြောက်ကိုးရီးယား၏ ထိပ်တန်းစစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သော ကာကွယ်ရေးဦးစီးချုပ် ပတ်ဆူအီးလ် ကိုလည်း ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု သတင်းတွင်ဖော်ပြထားသည်။

 

ပတ်ဆူအီးလ်သည် စစ်ဦးချုပ်ရာထူးတွင် (၇)လသာ တာဝန်ထမ်းဆောင်ရသေးသည်။ ၄င်း၏ နေရာတွင် ကာကွယ်ရေးဝန်ကြီးဟောင်း ရီယောင်ဂျီလ် နှင့်အစားထိုးလိုက်သည်ဟု သိရသည်။

 

ရီယောင်ဂျီလ်သည် ယခင် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသူဖြစ်သည်။

 

ထိုစဉ်က ဗိုလ်ချုပ်ကြီး ရီယောင်ဂျီလ် လူမြင်ကွင်းက ပျောက်ကွယ်သွားသည့်အတွက် တောင်ကိုးရီးယား သတင်းမီဒီယာများက သုတ်သင်ရှင်းလင်းခံလိုက်ရပြီဟု ရေးသားခဲ့ကြသည်။

 

လ အတန်ကြာတွင် ရီယောင်ဂျီလ်သည် အခြားထိပ်တန်းရာထူးတစ်ခုဖြင့် ပြန်ပေါ်လာခဲ့သည်။ အလားတူ ကင်ဂျုံအွန်းက လက်နက်ထုတ်လုပ်မှု မြှင့်တင်ရန် ညွှန်ကြားခဲ့သည်။

 

ပြီးခဲ့သည့်အပတ်က သူသည် လက်နက်စက်ရုံများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ဒုံးကျည်အင်ဂျင်များ၊ လက်နက်ကြီးများ နှင့်အခြားလက်နက်များပိုထုတ်ရန် ညွှန်ကြားခဲ့သည်။

 

မြောက်ကိုးရီးယားသည် ယူကရိန်းစစ်ပွဲဆင်နွှဲနေသော ရုရှားထံသို့ လက်နက်ကြီးကျည်များ၊ ဒုံးကျည်များ၊ ဒုံးပျံများ ပံ့ပိုးပေးနေသည်ဟု အမေရိကန်က စွပ်စွဲထားသည်။

 

မြောက်ကိုးရီးယားနိုင်ငံ ထူထောင်သည့် ၇၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လာမည့် စက်တင်ဘာလ ၉ ရက်တွင် စစ်ရေးပြအခမ်းအနားတစ်ခု အကြီးအကျယ်ပြုလုပ်ရန် စီစဉ်လျှက်ရှိပြီး အမေရိကန်နှင့် တောင်ကိုးရီးယားတို့ကလည်း ဩဂုတ်လ ၂၁ မှ ၂၄ ရက်အတွင်း စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ရန် စီစဉ်ထားသည်။ (NN-27)

ref: CNA

ဆက်စပ် သတင်းများ