သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံးအွန် ရုရှားနိုင်ငံသို့ ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 617

ရုရှားနိုင်ငံသို့ လက်နက်များ မရောင်းချရန် အမေရိကန်က သတိပေးနေသည့်ကြားက မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံးအွန်သည် အင်္ဂါနေ့က ရုရှားနိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း ဂျပန်သတင်းမီဒီယာများက ဖော်ပြကြသည်။

ကင်ဂျုံးအွန်သည် ရုရှားသမ္မတပူတင် နှင့် တွေ့ဆုံဆွေးနွေးရန် ကျည်ကာရထားစီး၍ တနင်္ဂနွေနေ့က ထွက်ခွာလာခဲ့ရာ ရုရှားနိုင်ငံသို့ ယနေ့ အင်္ဂါနေ့က ရောက်ရှိလာခြင်းဖြစ်သည်။

ကင်ဂျုံးအွန်နှင့်အတူ မြောက်ကိုးရီးယား ထိပ်တန်းစစ်ဘက်အရာရှိများ၊ လက်နက်ထုတ်လုပ်ရေး ထိပ်တန်းအရာရှိများနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ လိုက်ပါလာခဲ့သည်ဟု ဆိုသည်။

ပူတင် နှင့် ကင်ဂျုံးအွန်တို့သည် ရုရှားအရှေ့ပိုင်း ဗလာဒီဗော့စတော့မြို့တွင် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

ပြည်ပနိုင်ငံများသို့ ခရီးထွက်လေ့မရှိသလို ခရီးထွက်တိုင်း ကျည်ကာရထားကိုသာ အသုံးပြုလေ့ရှိသော ကင်ဂျုံးအွန်သည် ယခုတစ်ကြိမ်အပါအဝင် အာဏာရပြီး ၁၂နှစ်အတွင်း (၇)ကြိမ်သာလျှင် ပြည်ပသို့ ခရီးထွက်ခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံသို့ လေးကြိမ်သွားရောက်ခဲ့ပြီး ကိုးရီးယားနယ်စပ်ကို ဖြတ်ကျော်က ရုရှားသို့ ယခုတစ်ကြိမ်အပါအဝင် နှစ်ကြိမ်သွားရောက်ခဲ့သည်ဟုသိရသည်။

 ကင်ဂျုံးအွန်​၏ ရုရှားခရီးစဉ်မှာ တရားဝင်အပြည့်အဝခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံဆွေးနွေးပြီးပါက ခေါင်းဆောင်နှစ်ဦး သီးခြားစီတွေ့ဆုံဆွေးနွေးကြမည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောကြားသည်။

 

ရုရှား နှင့် မြောက်ကိုးရီးယားတို့အကြား လက်နက်ရောင်းဝယ်ရေးဆွေးနွေးမှု အကောင်အထည် ပေါ်လာနေပြီး ပူတင် နှင့် ကင်မ်တို့အကြား ယူကရိန်းစစ်ပွဲအတွက် ရုရှားက လိုအပ်နေသော လက်နက်များကို မြောက်ကိုးရီးယားက ပံ့ပိုးပေးရေးကိစ္စ ဆွေးနွေးညှိနှိုင်းကြဖွယ် ရှိသည်ဟု အမေရိကန် အရာရှိများက ပြောကြားသည်။

 

ပူတင်သည် တနင်္လာနေ့က ဗလာဒီဗော့တော့မြို့သို့ ရောက်ရှိလာခဲ့သည်ဟု တာ့စ်သတင်းဌာနက ဖော်ပြသည်။ သူသည် ဗုဒ္ဓဟူးနေ့တွင် စတင်မည့် အရှေ့ဖျား စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဟု သိရသည်။

 

မြောက်ကိုးရီးယားနှင့် ရုရှားနှစ်နိုင်ငံစလုံးက ရုရှားနိုင်ငံအား မြောက်ကိုးရီးယားက လက်နက်များ ထောက်ပံ့မည်ဆိုသော သတင်းကို ငြင်းဆိုထားသည်။

 

ကင်ဂျုံးအွန်နှင့်အတူ လိုက်ပါလာသူများထဲတွင် ကာကွယ်ရေးစက်မှုလုပ်ငန်း နှင့် စစ်ဘက်ရေးရာ ထိပ်တန်းခေါင်းဆောင်များ ပါဝင်လာသည့်အတွက် လက်နက်ရောင်းဝယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေးကြဖွယ်ရှိသည်ဟု အကဲဖြတ်သူများက သုံးသပ်ကြသည်။

 

" မြောက်ကိုးရီးယား နဲ့ ရုရှားပူးပေါင်းပြီး ဘာတွေပဲလုပ်လုပ် စစ်ရေးအရ ပူးပေါင်းတယ်ဆိုရင်တော့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်ပါတယ်" တောင်ကိုးရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ချန်ဟိုဂျင်းက ပြောကြားသည်။

 

အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုးရီးယားအား ယူကရိန်းစစ်ပွဲတွင် ရုရှားက အသုံးပြုရန် လက်နက်များ မရောင်းချရန် တနင်္လာနေ့က ထပ်မံသတိပေးထားပြီး ရောင်းချမည်ဆိုပါက လုံခြုံရေးကောင်စီ​၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်သည်ဟု ပြောကြားလိုက်သည်။

NN-27

ref:cna

ဆက်စပ် သတင်းများ