စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်မှ ရေဘေးသင့်ခဲ့ရသည့် ချင်းအမျိုးသားကျေးရွာ ၁၄ ရွာအား AA မှ တစ်ပတ်စာ ဆန်ရိက္ခာထောက်ပံ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 105

နိရဉ္စရာ၊ စက်တင်ဘာ ၂၀/၂၀၂၄

ရခိုင်ပြည်၊ မင်းပြားမြို့နယ်မှ ​ရေဘေးဒဏ်ကို ခံခဲ့ကြရသည့် ချင်းအမျိုးသားများနေထိုင်ရာ ကျေးရွာ ၁၄ ရွာကို အာရက္ခတပ်တော် ( AA) မှ တစ်ပတ်စာ ဆန်ရိက္ခာများ သွားရောက် ထောက်ပံ့ပေးခဲ့သည်ဟု သတင်းရရှိသည်။

အာရက္ခတပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခက “ မင်းပြားမြို့နယ် ဖုန်သာချောင်းထဲက ချင်းကျေးရွာ ၁၀ ကျော်၊ အိမ်ခြေ ၂၀၀ ကျော် ပျက်စီးသွားခဲ့ပါတယ်။  အိမ်၂၈၀ ကျော် ပျက်စီးသွားပါတယ်။ အဲသလို ရေဘေးကြောင့် ဒုက္ခရောက်နေကြတဲ့သူတွေကို ကျွန်တော်တို့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရက ဦးဆောင်ပြီးတော့ အကူအညီ သွားပေးခဲ့ကြပါတယ်”ဟု ပြောကြားသည်။


ထိုသို့ ကူညီထောက်ပံ့မှုပြုလုပ်ရာတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ နိုင်ငံရေး အုပ်ချုပ်ရေး အဖွဲ့များ အပါအဝင် HDCO၊ ချင်းရေးရာဌာန၊ ရဲဌာနမှ အဖွဲ့ဝင်များနှင့် အာရက္ခစစ်သည်တော်များက အားလုံး အတူလက်တွဲကာ ပူးပေါင်း လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

မင်းပြားမြို့နယ်၊ မင်းဂုလမ်းအုပ်စုတွင် အောင်တိုဘာ ၁၃ ရက်နှင့် ၁၄ ရက်နေ့က မိုးရေကြီပြီး တောင်ကျချောင်းရေ ပေါက်မှုကြောင့် ကျေးရွာက နေအိမ်  ၂၈၄ ဆောင်ပျက်စီးသွားခဲ့ပြီး လူပေါင်း ထောင်နှင့်ချီပြီး ထိခိုက်ခံခဲ့ရသည်ဟု သိရသည်။


“ကျနော်တို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ရခိုင်ပြည်မှာ မှီတင်းနီထိုင်ကြတဲ့ မတူညီတဲ့ လူမျိုး ဘာသာအားလုံးကို အကာအကွယ် အကူအညီပေးနေပါတယ်။ ပြည်သူတွေ အားလုံးကို လူမျိုးဘာသာမခွဲခြားဘဲ ဒုက္ခရောက်နေတဲ့ ပြည်သူတယောက်ချင်းစီရဲ့ အခက်အခဲတွေကို တတ်နိုင်သမျှ ကူညီပေးနေတဲ့ တော်လှန်ရေး အစိုးရတစ်ရပ်ဖြစ်ပါတယ်။ အရေးပေါ်လာတိုင်း ချက်ချင်း တုံ့ပြန် ကူညီဆောင်ရွက်ပေးနေပါတယ်” ဟု ပြောဆိုသည်။

ရခိုင်ပြည်၊မင်းပြားမြို့နယ်၊ ဖုန်သာချောင်းရှိ နတ်ထောင့် ရွာဟောင်း/ ရွာသစ်၊ ဇိုင်ချောင်း၊ ကျေးမကြီး၊ ကျေးမချေ၊ ကြွီချောင်း၊ ပြင်းချောင်း၊ ကိုင်းကြီး၊ ပြင်းဝ၊ သရက်အုပ်၊ ရွာသာယာ၊ အထက် ခချီးမြောင်နှင့် အောက်ခချီးမြောင်၊ လက်ပံကိုင်း စသည့် ကျေးရွာများသည် ရေဘေးဒဏ်ကို အကြီးအကျယ်ခံခဲ့ရသည်ဟု သိရသည်။


ဆက်စပ် သတင်းများ