တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ဒါကာမြို့လယ်ရှိ ခုနစ်ထပ်အဆောက်အဦး မီးလောင် အမျိုးသမီးနှင့် ကလေးများအပါအဝင် လူပေါင်း ၄၄ ဦး သေဆုံး


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၁ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 479

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့လယ်၊ ဘိုင်လေလမ်းပေါ်ရှိ ခုနစ်ထပ်အဆောက်အဦးတစ်ခု ကြာသပတေးညက မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးနှင့် ကလေးသူငယ်များအပါဝင် လူပေါင်း ၄၄ဦး သေဆုံးသွားသည်ဟု သိရှိရသည်။

မီးလောင်မှုကို မြေညီထပ်တွင် ဖွင့်လှစ်ထားသည့် Green Cozy Cottage ဈေးဝယ်စင်တာမှ ည ၉:၅၀ နာရီအချိန်တွင် ပထမဦးဆုံး တွေ့ရှိခဲ့ပြီး အပေါ်ထပ်များသို့ ဆက်လက်ကူးစက်သွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

ဒါကာ ဆေးကောလိပ်ဆေးရုံတွင် လူ ၃၃ ဦး သေဆုံးပြီး ရှိတ်ဟာဆီနာ အမျိုးသားတက္ကသိုလ် ဆေးရုံတွင် ၁၀ဦး သေဆုံးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီးက သတင်းထောက်များကို ယနေ့မနက်တွင် ပြောကြားခဲ့သည်။


သေဆုံးသူများထဲတွင် ကလေးငယ် သုံးဦး နှင့် အမျိုးသမီး ၂၆ ဦးပါဝင်သည်ဟု ဆေးရုံ သတင်းရင်းမြစ်များက ဆိုသည်။

ပြင်းထန်သော မီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့က အချိန် နှစ်နာရီကြာ ခက်ခက်ခဲခဲ ငြိမ်းသတ်ခဲ့ရပြီး လူအများအပြားကို ကယ်ထုတ်နိုင်ခဲ့သည်ဟု မီးသတ်နှင့် အရပ်ဘက်ကာကွယ်ရေးမှ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် မိန်းအုဒင် ကပြောသည်။

အထပ်တိုင်းတွင် မီးဖိုချောင်သုံး ဓါတ်ငွေ့ဗူးများ ရှိနေပြီး အဆိုပါ ဓါတ်ငွေ့ဗူးပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ခဲ့ရပြီး သေဆုံးသူအများအပြားမှာ မီးခိုးမွှန် အသက်ရှူကြပ် သေဆုံးခဲ့ရသည်ဟု သူက ဆိုသည်။

ဓါတ်လှေခါး နှစ်စင်း နှင့် စက်လှေကားတစ်စင်းသာရှိသော အဆိုပါအဆောက်အဦးတွင် အရေးပေါ် ထွက်ပေါက်မရှိဘဲ မီးလောင်မှုဖြစ်ပွားစဉ် တတိယထပ်မှ လူအချို့ တိုက်ပေါ်မှ ခုန်ချသဖြင့် ၁၀ ဦးဒဏ်ရာရပြီး ဒဏ်ရာရသူများကို ဒါကာ ဆေးကောလိပ်ဆေးရုံသို့ ပို့ဆောင်ပေခဲ့ရသည်ဟု အဆိုပါဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ​NN-27/ ref:The Daily Star

ဆက်စပ် သတင်းများ