ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ပြစ်ဒဏ်များလျော့ပေါ့ပေးခြင်းသည် ပြည်သူများ ဆင်နွှဲနေသည့်တော်လှန်ရေးကြီး အားပျော့အောင်လုပ်ဆောင်နေခြင်းသာဖြစ်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 605

နိုင်ငံတော်​၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့အား ချမှတ်ထားသောပြစ်ဒဏ်များအနက် ပြစ်ဒဏ်အချို့ကို လျှော့ပေါ့ပေးခြင်းသည် ပြည်သူများ  ဆင်နွှဲနေသည့်တော်လှန်ရေးကြီး အားပျော့အောင်လုပ်ဆောင်နေခြင်းသား ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“အခုဟာက ပြည်တွင်းအကြပ်အတည်း၊ နိုင်ငံရေးအကြပ်အတည်း၊ စီးပွားရေးအကြပ်အတည်း ဘက်စုံ အကြပ်တည်းတွေ ဆိုက်နေတဲ့ အချိန်မှာ သူတို့က သဘောာထား ပျော့ပြောင်းလာတဲ့ ပုံစံမျိုး ဂိုက်ဖမ်းလာတာ။ ဒါပေမယ့် ဒီနေ့ ဒီအချိန်ထိ သူတို့တွေ ပြည်သူတွေကို နှိပ်စက် သတ်ဖြတ်မီးရှိုနေတဲ့ အလုပ်တွေက ဆက်လုပ်နေတုန်းပါပဲ။ အဲ့တော့ ဆိုလိုတဲ့ သဘောကတော့ သူတို့ ပျော့ပြောင်းတဲ့ ပုံစံတွေ မူယာမာယာတွေ သံတမန်ရေးအရလှုပ်ရှားမှုတွေကို အခုတလောအတွင်းမှာပိုမိုပြီးတော့ ထင်မြင်ကောင်းအောင်၊ ပုံရိပ်ကောင်းအောင် ကြိုးစားနေတာတွေကို မြင်ရတယ်။  ဒါအားလုံးဟာ စစ်ကောင်စီက သူ့အကြပ်တည်း ထွက်ပေါက်အတွက် စဉ်းစားလုပ်ဆောင်နေတာဖြစ်ပါတယ်”ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံနေရသည့် ရာဇာ၀တ်ကြီးအမှတ် ၃၅/ ၂၀၂၁၊ ရာဇာ၀တ်ကြီး အမှတ် ၇၁/ ၂၀၂၁၊ ရာဇာ၀တ်ကြီးအမှတ် ၃၈/၂၀၂၁၊ ရာဇာ၀တ်ကြီးအမှတ် ၄၅/၂၀၂၁ တို့အား လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရှိရသည်။

“ဒေါ်စု နေရာပြောင်းပေးတာတွေ ဘာတွေကလည်း ကောင်းမှုနဲ့ ပျော့ပြောင်းမှုတွေ လုပ်လာတာဟာ ကျနော်တို့ ပြည်သူတွေ ဆင်နွဲနေတဲ့ ပြည်သူ့တော်လှန်ရေးကြီး အတွက်အားပျော့သွားအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့ နည်းပရိယာယ်သာ ဖြစ်တဲ့အတွက် မယုံကြည်ကျဖို့ ကိုယ့်တိုက်ပွဲကို ရဲရဲရင့်ရင့် တိုက်သွားဖို့ လိုတယ်လို့ပဲ ပြောချင်ပါတယ်”ဟု ဦးသန်းစိုးနိုင်က ဆက်လက်သုံးသပ်ပြောဆိုသည်။

ထို့အပြင် ဦးဝင်းမြင့် ကိုလည်း ချမှတ်ပြီး ပြစ်ဒဏ်များထဲမှ ရာဇာ၀တ်ကြီးအမှတ် ၃၅/၂၀၂၁၊ ရာဇာ၀တ်ကြီးအမှတ် ၃၆/ ၂၀၂၁ တို့အား လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ကြောင်း စစ်ကောင်စီက ပြောသည်။

အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ် ကျခံလျက်ရှိသော အကျည်းသား/ သူ ၇၇၄၉ ဦး တို့အား ရာဇ၀တ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်ကျခံနေသူများကို လည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သိရှိရသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေးရှုသည်ဟုဆိုကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၇၂ ဦးကိုလည်း တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများအား ပိတ်သိမ်းပြီး တရားခံများအား အမှုမှ လွတ်ပေးခဲ့သေးသည်။

နိုင်ငံအချင်းချင်း မိတ်၀တ်မပျက်ဆက်ဆံရေးအတွက် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသူ အကျဉ်းသား ၁၂၅ ဦးကို ပြစ်ဒဏ်လျော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

သေဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား/သူများအား သေဒဏ်ပြစ်ဒဏ်မှ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံရန် သက်သာခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။

ပြစ်ဒဏ်လျော့ပေါ့ပေးခြင်းနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုမှုများအား သြဂုတ်လ ၁ ရက်နေ့ ဒုတိယ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ် အနေဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆို ထုတ်ပြန်ထားသည်။ (NN -25)

ဓာတ်ပုံ- Eleven Media

ဆက်စပ် သတင်းများ