အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

ရှမ်းပြည်နယ် အထူးဒေသ(၁)အတွင်း ဘိန်းစိုက်ပျိုးထားရှိပါက ပြင်းထန်စွာ အရေးယူသွားမည်ဟု အထူးဒေသ(၁)အုပ်ချုပ်ရေး ကော်မတီက ထုတ်ပြန်ကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 190

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ ဧပြီ ၉ / ၂၀၂၄

မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁) တွင် ဘိန်းစိုက်ပျိုးထားရှိပါက ပြင်းထန်စွာ အရေးယူသွား မည်ဟု ဧပြီလ ၈ ရက် တွင် မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီမှ ကြေညာချက်ထုတ်ပြန်ထားသည်။

အထူးဒေသ(၁)ထိန်းချုပ်နယ်မြေအတွင်း ဘိန်းပင်လုံးဝမစိုက်ပျိုးရ။ ခရိုင်အသီးသီးသည် ပြန်လည်ထိန်းချုပ်သောနယ်မြေအတွင်း လယ်ယာ အိမ်ထောင်သည်များ မူးယစ်ဆေးဝါးစိုက်ပျိုးခြင်းရှိမရှိကို အဓိကထားစစ်ဆေးရမည်။ တွေ့ရှိပါက ချက်ချင်းတားမြစ်ရမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

“ဤကြေညာချက်ထုတ်ပြန်သည့်နေ့မှစပြီး ဒေသတွင်း ဘိန်းစိုက်ပျိုးထားရှိပါက အမြစ်ဖြုတ်ရှင်းလင်းသုတ်သင်ရပါမည်။ စည်းကမ်းမလိုက်နာဘဲ ဆက်လက်ချိုးဖောက်ပါက အထူးဒေသ(၁) ဥပဒေအမှုဆောင်အဖွဲ့မှ ပြင်းထန်စွာ အရေးယူသွားပါမည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အထူးဒေသ(၁)သည် ၁၉၉၉ ခုနှစ်မှစပြီး မူးယစ်ဆေးဝါးမသုံးစွဲရ၊ မစိုက်ပျိုးရ၊ မရောင်းဝယ်ရ၊ နှင့်မထုတ်လုပ်ရဟူ၍ “လေးမလုပ်ရ” မူဝါဒချမှတ်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

သို့သော် မိမိတို့အထူးဒေသ(၁)ပြန်လည်မရရှိခင် အာဏာသိမ်းစစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ဒေသတွင်း အချို့တောင်ပေါ်ဒေသ၌ ဘိန်းပင် များဆက်လက် စိုက်ပျိုးသောအနေအထား ရှိခဲ့ကြောင်းထုတ်ပြန်ချက်ကဆိုသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမူဝါဒကိုလက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ “မူးယစ်ဆေးဝါးကင်းရှင်း နယ်မြေ”ဟူသော အထူးဒေသ(၁)၏ နာမည်ကောင်းကိုကာကွယ်ထိန်းသိမ်းရန်နှင့် လွန်ခဲ့သော ၁၅ နှစ်အချိန်က ရရှိခဲ့သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရလဒ်ကောင်း များကို ခိုင်မာစေရန်အတွက် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁) အအုပ်ချုပ်ရေးကော်မတီမှထုတ်ပြန်ထားသည်။

ဓာတ်ပုံ- The Kokang


ဆက်စပ် သတင်းများ