တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ကျောက်မဲနှင့် မိုးကုတ်တိုက်ပွဲတွင် စစ်သုံ့ပန်း ၅၉ ဦးဖမ်းမိ၊ ရန်သူ့အလောင်း ၇၀နှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း TNLA သတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 407

နိရဉ္စရာ၊ ဇူလိုင် ၂၃/ ၂၀၂၄

ရှမ်းမြောက် ကျောက်မဲနှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်သုံ့ပန်း ၅၉ ဦး ဖမ်းမိပြီး ရန်သူ့အလောင်း (၇၀)လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ယနေ့ သတင်း ထုတ်ပြန်သည်။

စစ်သုံ့ပန်း ၅၉ ဦး တွင် ကျောက်မဲတိုက်ပွဲမှ ၄၀ ဦး နှင့် မိုးကုတ်တိုက်ပွဲမှ ၁၉ ဦးဖြစ်ပြီး သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ် အလောင်း ၇၀ တွင် ကျောက်မဲတိုက်ပွဲမှ (၅၄)လောင်းနှင့် မိုးကုတ်တိုက်ပွဲမှ ၁၆ လောင်းဖြစ်သည်ဟု သိရသည်။

၁၀၂၇ - စစ်ဆင်ရေးအပိုင်း(၂) ၂၉ရက်မြောက်နေ့ တိုက်ပွဲများအတွင်း တအာင်းပြည် တပ်မဟာ (၂) နယ်မြေ ကျောက်မဲမြို့နယ်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိပြီး ရန်သူ့ အလောင်း (၅၄)လောင်းနှင့် စစ်သုံ့ပန်း (၄၀)ဦးပါ ဖမ်းဆီးရမိထားသည်ဟု ဖော်ပြသည်။

ဇူလိုင်လ (၂၀)ရက်မှ (၂၂)နေ့အတွင်း တအာင်းတပ်မတော် TNLA ၊ PDF(ကျောက်မဲခရိုင်) ပူးပေါင်း တပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်မ (၁၁) လက်အောက်ခံ ခလရ ၂၀၂၊ ၂၀၃ တို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်ရှိသည့် နမ့်ဆီလင်းဘုန်းကြီးကျောင်း၊ အေးရှားဝေါတိုးဂိတ်အား တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။  


ထိုသို့ သိမ်းပိုက်ရာတွင် စစ်ကောင်စီထံမှ လက်နက် MA1(၂၆)လက်၊ MA3(၁၆)လက်၊ MA4(၄)လက်၊ MA11(၁၂)လက်၊ MA2(၁၀)လက် ငကျည်းမီး (၁)လက်၊ 45MM (၂)လက် 120MM (၁)လက် နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း (၈၅) လက် သိမ်းဆည်းရမိပြီး ရန်သူ့အလောင်းနှင့် စစ်သုံ့ပန်းတို့ပါ ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။

အလားတူ တပ်မဟာ (၂) နယ်မြေ မိုးကုတ်မြို့ နယ်ရှိ ရတနာကြေးမုံကျောင်းနှင့် ကုလားကျောင်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်အား တအာင်းတပ်မတော် TNLA ၊ PDF(ပကဖ) ပူးပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်ရာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည်ဟု ဆိုသည်။ 

မိုးကုတ်မြို့ (အရှေ့ပိုင်း) ရဲစခန်းတွင်လည်း တအာင်းတပ်မတော် TNLA နှင့် PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ(၇၁/၈၈) တို့ ယနေ့ ဇူလိုင် ၂၃ ရက်  နေ့လယ် (၁၂း၁၅)နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။ 

ဇူလိုင်လ (၂၃)ရက်နေ့ (၄း၃၀)နာရီ အချိန် မိုးကုတ်မြို့ ချမ်းသာကြီးရွာ၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ထံမှ သေနတ် (၁)လက်၊ စစ်သုံ့ပန်း (၁၉)ဦး ဖမ်းဆီးရမိခဲ့သည်။

အလားတူ မစိုးရိမ်ကျောင်းတိုက်တွင်လည်း စစ်ကောင်စီထံမှ သေနတ်(၁၆)လက်၊ RPG (၁)လက်၊ ၆၀မမ(၁)လက်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ရုပ်အလောင်း (၁၆)လောင်း သိမ်းဆည်းရမိထားသည်။


ဆက်စပ် သတင်းများ