အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ကျောက်မဲနှင့် မိုးကုတ်အရှေ့ပိုင်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 495

(မိုးကုတ်အရှေ့ပိုင်းမှ စခန်း ၅ ခုနှင့် လက်နက်ခဲယမ်းအချို့ သိမ်းပိုက်ရရှိဟု TNLA သတင်းထုတ်ပြန်)

နိရဉ္စရာ၊ ဇူလိုင် ၁၈/ ၂၀၂၄

ကျောက်မဲနှင့် မိုးကုတ်အရှေ့ပိုင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး မိုးကုတ်အရှေ့ပိုင်းမှ စစ်ကောင်စီ စခန်း ၅ ခုနှင့် လက်နက်ခဲယမ်းအချို့ သိမ်းပိုက်ရရှိခဲ့သည်ဟု ဇူလိုင် ၁၈ ရက်နေ့ TNLA ၏ တအာင်းပြည် စစ်ရေးသတင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ် လပခ/ခလရ (၇၁၊ ၈၈) တပ်ဖွဲ့ဝင်များမှ မိုးကုတ်မြို့နယ် (အရှေ့ပိုင်း)ကို  ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် ရေကန်တောင်နှင့် ပန်းမထိပ်ရွာအနီး တဝိုက်တွင် တအာင်းတပ်မတော် (TNLA) နှင့်  မိုးကုတ်ဗျူဟာ (PDF) ပူးပေါင်းတပ်ဖွဲ့တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

ထို့အတူ ဇူလိုင် ၁၈ ရက် နံနက် (၁ဝး၁၅)နာရီချိန်တွင် လေးမျက်နာဘုရား၊ မောနိရကျောင်း၊ ညောင်သုံးပင်၊ ပတ္တမြားစေတီအနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA နှင့် မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ 


မိုးကုတ်အရှေ့ပိုင်းတွင် ရေကန်တောင်စခန်း၊ တာဝါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ညောင်သုံးပင်စခန်း၊ ဖောင်တော်ဦး အနီးရှိစခန်းနှင့် လက်နက်ခဲယမ်းအချို့တို့ကို ဇူလိုင် ၁၈ ရက်က သိမ်းပိုက်ရရှိခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

အလားတူ တအာင်းတပ်မတော် တပ်မဟာ(၂)နယ်မြေ၊ ကျောက်မဲမြို့နယ် စစ်ကောင်စီတပ် ခမရ (၅၀၁၊ ၅၀၂) တပ်ဖွဲ့ဝင်များမှ တပ်ပြင်ပသို့ ထိုးစစ်ဆင်လာသောကြောင့် တပ်စခန်းအနီးတဝိုက်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင် ၁၈ ရက်  ညနေ (၆း၀၂)နာရီချိန်တွင်လည်း ကျောက်မဲ တိုးဂိတ်၊ အေးရှာဝေါးအနီးတဝိုက်တွင် စစ်ကူဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တပ်မဟာ(၂)နယ်မြေ ဘန့်ဘွေးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ သဲခေါ်ရွာသို့ ဒရုန်းဖြင့် ဗုံး (၁၈)လုံး၊ Jet Fihgter ဖြင့် (၆)ကြိမ် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျောက်မဲမြို့နယ် ကျွဲကုန်းရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်မှ Y12 ဖြင့် ဗုံး (၄၈)လုံး လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မိုးမိတ်မြို့နယ် စစ်ကောင်စီ ဗျူဟာကုန်းမှနေ၍ တောင်ကိုင်းရွာသို့ ဒရုန်းဖြင့် ဗုံး(၂)လုံး လာရောက်ကြဲချခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ