တနင်္ဂနွေ၊ အောက်တိုဘာလ ၂၀ရက်၊ ၂၀၂၄

မန္တလေးတရုတ်ကောင်စစ်ဝန်ရုံးပေါက်ကွဲမှုဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 132

နိရဉ္စရာ၊ အောက်တိုဘာ ၁၉/ ၂၀၂၄

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတွင် အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် ပေါက်ကွဲမှုမှာ ကောင်စစ်ဝန်ချုပ်ရုံး နှစ်ထပ်ဆောင်၏ခေါင်မိုးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရေတလျှောက်အနီးရှိ အုတ်ကြွပ်အမိုး ၂ ပေခန့် ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်ထဲတွင် မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ အသိပေးချက် နေပြည်တော်၊ အောက်တိုဘာ ၁၉ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

တာဝန်ရှိသူလုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ကောင်စစ်ဝန်ချုပ်ရုံး နှစ်ထပ်ဆောင်၏ ခေါင်မိုးတွင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းတွေ့ရှိရကြောင်း၊  ထိုပေါက်ကွဲမှုကြောင့် ခေါင်မိုး ရေတလျှောက်အနီးရှိ အုတ်ကြွပ်အမိုး ၂ ပေခန့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး လူနှင့် အခြားထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်ဟု ဆိုသည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းအရင်းအား စိစစ်လျက်ရှိဟု ဖော်ပြသည်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်မှုကျူးလွန်ခဲ့သော အကြမ်းဖက်သမားများကို ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်းနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရဟု ဆိုသည်။

တရုတ်နိုင်ငံသည် အကြမ်းဖက်စစ်ကောင်စီအား ယခုအခါ ပေါ်ပေါ်ထင်ထင် ထောက်ခံမှု ပြုလုပ်လာသည်သာမက စစ်လက်များလည်း ထောက်ပံ့ကာ တခြားတစ်ဖက်တွင်လည်း  စစ်ကောင်စီအား လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား နည်းမျိုးစုံဖြင် အကျပ်ကိုင် ဖိအားပေးနေသဖြင့် မြန်မာနိုင်ငံ တဝန်းလုံးတွင် တရုတ် ဆန့်ကျင်ရေး စိတ်ဓာတ်များ မြှင့်မားလာနေသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။

ဆက်စပ် သတင်းများ