စနေ၊ အောက်တိုဘာလ ၁၉ရက်၊ ၂၀၂၄

အစ္စရေးကတိုက်ခိုက်မှုကြောင့် များမကြာမီကဟားမတ်စ်ခေါင်းဆောင်ဖြစ်လာသူ Sinwar သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 151

ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ၁၉/၂၀၂၄

အစ္စရေးစစ်တပ်က ဂါဇာကို တိုက်ခိုက်ခဲ့မှုအတွင်း ၄င်းတို့၏ များမကြာမီက တင်မြှောက်ခံရသည့်  ခေါင်းဆောင်ဖြစ်သူ Yahya Sinwar သေဆုံးသွားခဲ့ကြောင်း ဟားမတ်စ်အဖွဲ့က အတည်ပြုခဲ့သည်ဟု အယ်လ်ဂျာဇီးရားသတင်းကဖော်ပြသည်။

“ အသက် ၆၂ နှစ်အရွယ်ရှိတဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဟာ တည်ကြည်၊ ရဲရင့်ပြီး သတ္တိရှိတဲ့သူ၊ ကြီးကျယ်မြင့်မြတ်တဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လွတ်မြောက်ရေး အတွက် သူ့အသက်ကို စတေးသွားခဲ့ပါတယ်” ဟု ၄င်းတို့၏ခေါင်းဆောင်သေဆုံသွားခဲ့ရမှုအပေါ် ဟားမတ်စ်အဖွဲ့တာ၀န်ခံ Khalil Hayya က အောက်တိုဘာလ(၁၈)ရက်တွင် ဟားမတ်စ်အဖွဲ့၏ Al-Aqsa TV မှတဆင့်အတည်ပြုပြောကြားခဲ့သည်။

"သူက ကျွန်တော်တို့ရဲ့ ရှေ့ကနေ ဦးဆောင်ဦးရွက် ပြုခဲ့မှုတွေ ဟာ ကျွန်တော်တို့ရဲ့လှုပ်ရှားမှုအတွက် ခွန်အားနဲ့ ခံနိုင်ရည်အားကို တိုးမြင့်ပေးစွမ်းပါ လိမ့်မယ် ” ဟု Hayya ပြောကြားခဲ့သည်။

"အစ္စရေးတွေကဂျေရုဆလင်ကို ၎င်းတို့ရဲ့မြို့တော်အဖြစ်ထူထောင်ခဲ့တယ်။ကျွန်တော်တို့လည်း ပါလက်စတိုင်းမြေရဲ့ အားလုံးမှာ ပါလက်စတိုင်းနိုင်ငံမထူထောင်နိုင်မချင်း ဟားမတ်စ်အဖွဲ့က တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်"ဟု ၄င်းကထပ်လောင်းပြောဆိုခဲ့သည်။

အစ္စရေးတို့က ဂါဇာတောင်ပိုင်းရှိ၊ရာဖာ တွင် ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဟားမတ်စ်အဖွဲ့ ခေါင်း Sinwar သေဆုံးသွားခဲ့ကြောင်း အစ္စရေးစစ်တပ်အောက်တိုဘာ(၁၇)ရက်တွင်ကြေညာခဲ့သည်။

အစ္စရေးစစ်တပ်ကကြေညာခဲ့ပြီးနောက်တွင် ဟားမတ်စ်အဖွဲ့ကလည်း ၄င်းတို့၏ခေါင်းဆောင် ဖြစ်သူ Yahya Sinwar သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

အစ္စရေးတို့က အခြားသော ဟားမတ်စ်အဖွဲ့ခေါင်းဆောင်များနှင့် တပ်မှူးများကို လုပ်ကြံ သတ်ဖြတ်ခဲ့မှုများ၏ နောက်ဆက်တွဲအဖြစ် Sinwar သည်လည်း အစ္စရေးတို့၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

အီရန်မြို့တော် တီဟီရန်တွင်ဇူလိုင်လ ၃၁ ရက်နေ့က ဟားမတ်စ်အဖွဲ့၏ နိုင်ငံရေးအကြီးအကဲ Ismail Haniyeh လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြီးနောက်၄င်း ၏ ဆက်ခံသူအဖြစ် ဩဂုတ်လ ၆ ရက်တွင် Sinwar ကို ဟားမတ်စ်အဖွဲ့၏ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

Sinwar သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ(၇)ရက်က အစ္စရေးတို့၏သမိုင်းတွင် လူထိခိုက်၊သေ ဆုံး သေဆုံးမှု အများအပြားဖြစ်ခဲ့ရသည့် အကြမ်းဖက် တိုက်ခိုက်မှုကို အဓိက စီစဉ်ကြီးကြပ်ခဲ့သူအဖြစ် အစ္စရေးက အလိုအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။/အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် ဂါဇာတွင် ယခုချိန်ထိအနည်းဆုံး လူပေါင်း ၄၂,၅၀၀ ထက်မနည်း သေဆုံးခဲ့ရသည်။ အဆိုပါ ပဋိပက္ခကို ဖြစ်ပေါ်စေခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာ (၇) ရက်က ဟားမတ်စ်တို့က အစ္စရေးတို့အားတိုက်ခိုက်ခဲ့မှု၏ အဓိက ပဲ့ကိုင်ရှင်သည် Sinwar ဖြစ်သည်ဟု အစ္စရေးတို့က ယူဆထားသည်။ Source/Al Jazeera and photo by Scroll.in

ဆက်စပ် သတင်းများ