ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

မောင်တော နခခ(၅)ဌာနချုပ်ကို စစ်ကောင်စီလေတပ်က လေထီးများဖြင့် လက်နက်နှင့် စားနပ်ရိက္ခာများထပ်မံ‌ချပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 2.9k

နောင်မင်းသူ၊ နိရဉ္စရာ၊‌အောက်တိုဘာ ‌၁၃ / ၂၀၂၄

အာရက္ခတပ်တော်( AA)မှ ပြင်းထန်စွာထိုးစစ်ဆင် တိုက်ခိုက်နေသည့် မောင်တောမြို့မှ တစ်ခုတည်းသော လက်ကျန်စခန်း နခခ(၅) နယ်ခြားစောင့်ရဲ ဌာနချုပ်ကို ယနေ့တွင်လည်း စစ်ကောင်စီလေတပ်က လေယာဉ်ပေါ်က လေထီးဖြင့်လက်နက်နှင့် စားနပ်ရိက္ခာများ ထပ်မံ‌ချပေးခဲ့ကြောင်း မျက်မြင် ဒေသခံများက ပြောဆိုသည်။

ဒေသခံတစ်ဦးက “ ဒီကနေ့ Y-12 ဗုံးလေယာဉ်ကနေ လေထီးတွေနဲ့ လက်နက်နဲ့ ရိက္ခာထုပ်တွေ ချပေးတာကို မြင်ရတယ်။ ရိက္ခာတွေ ၁၀ ထုပ်လောက်ကို လေထီများဖြင့်ချပေးတာ နေ့လယ် ၁ နာရီကျော်၊ ၂ နာရီလောက်ဖြစ်ပါမယ်”ဟု ပြောသည်။

၎င်းပြင် စစ်ကောင်စီသည် တိုက်ပွဲပြင်းထန်နေသည့် နခခ(၅) အနီးဝန်းကျင်အား လေထီးဖြင့် အထုပ်များ မချပေးမီ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

နောက်ထပ် မောင်တောမြို့ပြင်ဘက် ကျေးရွာတစ်ခုက မျက်မြင်တစ်ဦးက " ဒီနေ့ နေ့ လယ် ၁နာရီ ၃၀ ကျော်မှာ ဂျက်တိုက် လေယာဉ်နဲ့  လေးမိုင် ဆင်နှစ်ကောင် ဘုန်းကြီးကျောင်းနဲ့ သုံးမိုင် မေယု ဂေါက်ကွင်းတွေကို စစ်ကောင်စီက ဗုံးကြဲချခဲ့တယ်လို့ သိရတယ်။ နောက်ပြီး နခခ(၅)ကို Y-12 ကနေ လေထီးတွေနဲ့ လက်နက်ရိက္ခာတွေချပေးတာကိုလည်း မြင်ရတယ်"ဟုပြောကြားသည်။

မောင်တောမြို့မှ  တစ်ခုတည်း ကျန်ရှိနေသည့်  နခခ(၅) တပ်ရင်းအား အာရက္ခတပ်‌တော် (AA)မှ အပြင်းထန်ဆုံး ထိုးစစ်ဆင် တိုက်ခိုက်နေရာ စစ်ကောင်စီကလည်း စခန်းမကျစေရန် လေယာဉ်များကို အသုံးပြုပြီး ခုခံကာကွယ်နေသလို ရိက္ခာနှင့် လက်နက်ခဲယမ်းများကိုလည်း လိုလေသေးမရှိ လေယာဉ်များအသုံးပြုကာ လေထီးနှင့် ချပေးနေသည်ဟု သိရသည်။

နခခ(၅)တပ်ရင်းအား အာရက္ခတပ်တော် AAဖက်မှ လနှင့်ချီပြီး ဝိုင်းရံပိတ်ဆို့ကာ  ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း စစ်ကောင်စီက လေယာဉ်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခြင်း လက်နက်နှင့် ရိက္ခာများ ပြတ်မသွားစေရန် လေယာဉ်ပေါ်က ချပေးနေခြင်းတို့ကြောင့် ယနေ့အချိန်အထိ မသိမ်းပိုက်နိုင်‌သေးဟု သိရသည်။ 

လက်ရှိ၌ အာရက္ခတပ်တော် AA ဖက်မှ လက် နက်ကြီးများနှင့်အဆက်မပြတ်ပစ်ခတ်ပြီး မြေပြင် ထိုးစစ်ကိုပါ  အပြင်းအထန် ပြုလုပ်နေသဖြင့် အခြေအနေမှာ ယခုတစ်ရက် နှစ်ရက်အတွင်း  အဖြေထွက်နိုင်သည်ဟု ဆိုသည်။

"AA ဖက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်ပြီး အနီးကပ် မြေပြင်ကနေ တိုက်နေတယ်။ ဒီနေ့ အောက်တိုဘာ ၁၃ နေ့တစ်ရက် လုံးထိုးစစ်ဆင်‌နေတာ တွေ့ရတယ်။ မြေပြင်တိုက်ပွဲပြင်းက အလွန် ပြင်းထန်စွာဖြစ်ပွါးနေတယ်"ဟု ၎င်းက ပြောဆိုသည်။

နခခ(၅) နယ်ခြားစောင့်ရဲဌာနချုပ်သည် မောင်တောမြို့နယ် တစ်ခုလုံးမှ နောက်ဆုံးလက်ကျန် စခန်းတစ်ခုဖြစ်ပြီး အဆိုပါ စခန်းကို ခြံစည်းရိုး သုံးထပ်ကာရန်ပြီး မိုင်းများထောင်နှင့်ချီထောင်ထားကာ အင်အား ၆၀၀ လောက်ခန့်ဖြင့် AAထိုးစစ်ကို ခုခံကာကွယ်နေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ