သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

မန္တလေး မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်တပ်စခန်း ၈ ခုကို သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 131

(လက်နက်ချ အညံ့ခံသူ ၆၇ ဦးနှင့် မိသားစုဝင် ၁၁၇ ဦးကို Mandalay – PDF ထိန်းသိမ်းထား)

လူထက်နိုင်( ဒွါယာမြီ)နိရဉ္စရာ၊ ဇူလိုင် ၂ /၂၀၂၄

မန္တလေးတိုင်း၊ မတ္တရာ မြို့နယ်အတွင်းရှိ စစ်ကောင်တပ်စခန်း ၈ ခုကို သိမ်းပိုက်ကာ လက်နက်ချ အညံ့ခံသူ ၆၇ ဦးနှင့် မိသားစုဝင် ၁၁၇ ဦးကို Mandalay – PDF ထိန်းသိမ်းထားကြောင်း ဇူလိုင်လ ၂ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ မှ သတင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း ၊ နေကျော်တောင် တပ်စခန်း ၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

“မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း ဖမ်းဆီးရမိစစ်သုံ့ပန်းနှင့် လက်နက်ချအညံ့ခံသူ စစ်ကောင်စီတပ်သား (၆၄)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်း ထားလျက်ရှိသည်ဟု ဆိုသည်။ 


ထို့အပြင် တပ်မိသာစုဝင်များဖြစ်သည့် အမျိုးသမီး ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း (၁၁၇)ဦးခန့်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားလျက်ရှိပါသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း ရန်သူ့လက်နက်မျိုးစုံ (၁၂၅) လက်နှင့် ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပြီး မတ္တရာမြို့နယ်အတွင်းရှိ စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ ဒေသခံအဖွဲ့အစည်းဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့၊ SSTF တပ်ဖွဲ့တို့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်လျက်ရှိကြောင်းသိရသည်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် “၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)”နှင့်အတူ ဟန်ချက် ညီညီ တိုက်ပွဲဝင်လျက်ရှိပြီး နောင်ချို ၊ မိုးကုတ် ၊ ကျောက်မဲနှင့် မတ္တရာ စစ်မျက်နှာများတွင် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိကြောင်းသိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်းသိရသည်

 

ဆက်စပ် သတင်းများ