ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

မောင်တောမြို့အနီး ဗုံးသုံးလုံးပေါက်ကွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 473

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၂၅/၂ဝ၁၉

ရခိုင်ပြည်နယ်၊ အနောက်ဘက်နယ်စပ် မောင်တောမြို့အနီးတွင် ယနေ့ ညနေ ၈ နာရီကျော်က အနည်းဆုံး မိုင်းဗုံး သုံးလုံးပေါက်ကွဲခဲ့သည်ဟု သတင်းရရှိသည်။

မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက “ အခု ကျွန်တော် သတင်းရတာက မောင်တော ၃မိုင်နဲ့ ၄ မိုင်အကြားမှာ မိုင်း ၂လုံးဆက်တိုက်ပေါက်တယ်လို့ သတင်းရပါတယ်။ အေးဒီဘက်က လူတွေ ဖုန်းဆက်အကြောင်းကြားပါတယ်။ နောက်တစ်လုံးက ရွာသာယာကို သွားတဲ့ တောင်ကြားလမ်းမှာ ပေါက်တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

မောင်တော ၃မိုင်နှင့် ၄ မိုင်အကြားတွင် ညနေ ၈ နာရီ ၄၅ မိနစ်ခန့်က ပေါက်သည်ဟု သိရကြောင်း၊ ပေါက်ကွဲသံကို မောင်တောမြို့ပေါ် တစ်ချို့ရပ်ကွက်များမှ ကြားခဲ့ရကြောင်း ၎င်းက ပြောကြားသည်။

“ ကျွန်တော်တို့က အိမ်မှာ ရုပ်သံကြည့်နေတော့ ပေါက်ကွဲသံကို မကြားလိုက်ဘူး။ တစ်ချို့ရပ်ကွက်တွေက လူတွေ ကြားလိုက်တယ်လို့ ပြောပါတယ်။ အခု မြို့ပေါ်မှာ သတိဝီရိယနဲ့ နေထိုင်နေရတယ်။ စိုးရိမ်ရတယ်လေ။ အိမ်တွေလည်း အကုန်လုံး တံခါးတွေပိတ်ပြီး ကိုယ့်အိမ်ထဲမှာကိုယ်နေကြပါတယ်” ဟု ၎င်းက ပြောသည်။

ယခု ညဉ့်အချိန်ဖြစ်သည့် အပြင် ဖုန်းလိုင်းများလည်း မကောင်းသည့် အပြင် ၃ မိုင်နှင့် ၄ မိုင်မှ ရွာသားများလည်း အပြင်ကို မထွက်ရဲကြသဖြင့် အခြေအနေမည်သို့ ဖြစ်နေသည်ကို မသိရကြောင်း ၎င်းက ဦးမောင်အုန်းက ဆိုသည်။

မောင်တောခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ