တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

သေနတ်ဒဏ်ရာရရှိခဲ့သည့် ကျောက်တော်မှအမျိုးသမီးနှစ်ဦး ဆေးကုသမှု ခံယူရန် စစ်တွေဆေးရုံကြီးသို့ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 2.1k

သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ်၂၉/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကျေးရွာနှစ်ခုမှ သေနတ်ဒဏ်ရာ ရရှိခဲ့သည့် အမျိုးသမီး ၂ ဦးတို့သည် ဆေးကုသမှုခံယူရန် စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသည်ဟု သိရသည်။

၎င်းအမျိုးသမီး နှစ်ဦးမှာ ကျောက်တော်မြို့နယ် ရွှေလိူင်ကျေးရွာမှ ဒေါ်အေးနွယ်(၄၂)နှစ်နှင့် ခေါင်းတုတ်ကျေးရွာမှ မဟူရူးဇာနော် (၁၃) နှစ်တို့ဖြစ်ကြသည်။

ဒေါ်အေးနွယ်သည် သြဂုတ် ၂၇ ရက်နေ့ ညဉ့်အချိန် ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိခဲ့ပြီး ခေါင်းတုတ်ကျေးရွာမှ ဦးအဒူနာဆာ၏သမီးဖြစ်သူ  မဟူရူးဇာနော်သည် သြဂုတ် ၂၈ ရက် နံနက်တွင် အဖော်အမျိုးသမီး များနှင့်အတူ ရေခပ်ဆင်းစဉ် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ဒေါ်အေးနွယ်၏ သမီးဖြစ်သူ စစ်တွေတွင် မဟာဝိဇ္ဇာ(မြန်မာစာအထူးပြု) ကျောင်းတက်နေသည့် မဇင်မာနွယ်က “ အိမ်မှာက အဖေရယ်၊ အမေရယ်၊ ညီမလေးရယ် သုံးယောက်ပဲရှိတာ။ ကျမက ဒီမှာ ကျောင်းတက်နေတာပါ။ ကျမမိဘက ပိုက်ဆံရှိလို့ ကျမကို ကျောင်းထားပေးနေတာ မဟုတ်ဘူး။ မရှိတဲ့ကြားထဲကနေ ကျမကို ကျောင်းထားပေးတာ။ အခုအမေက အခုလိုဖြစ်သွားတော့ အထူးစိတ်မကောင်းဖြစ်မိတဲ့ အပြင် ကျမရဲ့ပညာရေးကိုလည်း ထိခိုက်မှာကို စိုးရိမ်ပါတယ်” ဟု ပြောသည်။

သြဂုတ် ၂၇ရက် ညဉ့် ၁၁ နာရီ အချိန်ခန့်တွင် ပစ်ခတ်သံများ ကြား၍ ဒေါ်အေးနွယ်သည် မြေကြီးပေါ်တွင်ဝပ်နေရန် အောက်သို့ဆင်းရန် ပြင်ဆင်နေစဉ် ကျည်ဆံက မှန်ပြုတင်းပေါက်ကို ဖောက်ဝင်ပြီး ညာဘက်ပေါင်ကိုထိကာ ဘယ်ဘက်ပေါင်သို့ ဖောက်ဝင်သွားကြောင်း မိသားစုများက ပြောသည်။ 

ရွှေလိူင်ကျေးရွာသည် ကစ္ဆပနဒီ တံတားအရှေ့ဘက်တွင်တည်ရှိပြီး ညဉ့်အချိန် နေဗီမှ ပစ်ခတ်မှုကြောင့်  အမေဖြစ်သူ ဒဏ်ရာရရှိ သွားခြင်းဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အပြစ်မရှိသည့် အရပ်သား ဒေသခံ ပြည်သူများအား ထိခိုက်နစ်နာမှုများ မဖြစ်စေရန် ရှောင်ကြဉ်ကြစေချင်ကြောင်း မဇင်မာနွယ်က ပြောသည်။

ဆက်လက်ပြီး ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ မူဆလင်အမျိုးသမီးငယ် မဟူရူဇာနော်၏ အဒေါ်ဖြစ်သူက ရှော်ရှီးဒါ “ သူက သြဂုတ် ၂၈ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်မှာ ရေခပ်ဖို့ သွားတာ။ အဲ့ဒီအချိန်မှာ သူ့ကိုခါးကို လာထိသွားတာ။ ဘယ်လိုထိတယ် ဆိုကို မပြောတတ်ဘူး။ ဘယ်သူပစ်တယ်ဆိုတာကိုလည်းမသိရဘူး။ ပစ်တာက မနေ့က တစ်ညလုံးပစ်နေတာ လက်နက်ကြီးအသံ လက်နက်ငယ် အသံတွေကြားနေရတယ်” ဟု ပြောသည်။

သြဂုတ်လ ၂၈ ရက်နေ့ထိ စစ်တွေဆေးရုံသို့ သေနတ်ကျည်ဆံ ထိမှန်ပြီး ဆေးကုသရန် ရောက်ရှိလာသည့် လူနာမှာ ၅၇ ဦးရှိပြီး သေဆုံးသူမှာ ၄ ဦးရှိကြောင်းသိရသည်။

ဆက်စပ် သတင်းများ