တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်နယ်တွင်တိုက်ပွဲပြင်းထန်၊ ဥယျာဉ်သာရွာမှ နေအိမ် ၃လုံးမီးလောင်၊ ဆင်သေပြင်ရွာမှ အမျိုးသမီး၂ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 7.1k

သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ် ၂၉/၂ဝ၁၉

ယနေ့ နေ့လယ်က ဘူးသီးတောင်မြို့နယ်၊ ဥယျာဉ်သာကျေးရွာနှင့် ဆင်သေပြင်ကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ယနေ့ နေ့လယ်က ထပ်မံ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး  ဥယျာဉ်သာရွာမှ နေအိမ်သုံးလုံး မီးလောင်ခဲ့သလို ဆင်သေပြင်ရွာမှ အသက် ၂ဝ အရွယ် မူဆလင် အမျိုးသမီးငယ် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး မီးလောင်သွားသည့် ဥယျာဉ်သာ ရွာမှ နေအိမ်များမှာ ဦးသာတင်လှ နေအိမ်၊ ဦးလှမောင်သာနေအိမ်နှင့် နောက်နေအိမ်တစ်လုံးတို့ ဖြစ်ကြသည်ဟု ၎င်းကျေးရွာသားတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ဖုန်းဆက်ပြောသည်။

စစ်ဘေးရှောင်ပြီး တခြား ကျေးရွာသို့ ရောက်ရှိနေသည့် ဥယျာဉ်သာ ကျေးရွာသား တစ်ဦးက “ ဥယျာဉ်သာရွာက နေအိမ် မီးလောင်တာက သုံးလုံးလောင်တယ်လို့ ပြောပါတယ်။ အိမ်ပိုင်ရှင် လူနှစ်ဦးကိုတော့ အတိအကျ သိရတယ်။ နောက်နေအိမ်တစ်လုံးက ဘယ်သူ့အိမ်ဆိုတာကို သွားကြည့်လို့မရတဲ့ အတွက် အတိအကျမသိရသေးဘူး” ဟု ပြောသည်။

ဆင်သေပြင် မူဆလင်ကျေးရွာ လူကြီး တစ်ဦးက “ အခု ကျွန်တော်တို့ တစ်ရွာလုံး ပြေးနေကြပြီ။ ရွာထဲမှာ ရော်ချီဒါနဲ့ လာလူးဆိုတဲ့ အမျိုးသမီး နှစ်ဦး ကျည်ဆံထိပြီး ဒဏ်ရာရပါတယ်။ အခု သူတို့ကို ဘူးသီးတောင် ပြည်သူ့ဆေးရုံကြီးကို ယူသွားပါပြီ။ ကျန်တဲ့လူတွေလည်း ကြောက်ပြီး တစ်ရွာလုံး ထွက်ပြေးနေကြပြီ” ဟု ပြောသည်။

တိုက်ပွဲမှာ နေ့လယ် ၁ နာရီကျော်ကနေ ဖြစ်ပွားပြီး တစ်နာရီခွဲခန့်ထိ ဖြစ်ပွားကြောင်း၊ တိုက်ပွဲမှာ ပြင်းထန်ပြီး ဆူညံနေကြောင်း သူက ပြောကြားသည်။

“ဘယ်လောက်မှ မဝေးဘူး။ ကျွန်တော်တို့ရွာနားမှာ ဖြစ်တာ။ ဥယျာဉ်သာ၊ ရှပ်ရှားတောင်၊ ဆင်သေပြင်ရွာနားမှာဖြစ်တာ။  ဟိုဘက်ကလည်း ကျည်ဆံလာတယ်။ ဒီဘက်ကလည်း ကျည်ဆံ လာတယ်။ ဘယ်ကလာမှန်း မသိ၊ ဆူညံနေတာဘဲ။ ကျွန်တော်တို့ ဘယ်လို လုပ်မလဲ။ ကျွန်တော်တို့လည်း ကြောက်ပြီး ထွက်ပြေးရတယ်။ အခု ကျွန်တော်ကလေး ၂ ဦးနဲ့ မိန်းမကို ယူပြီး ထွက်ပြေးလာတယ်။ အခု လှေနဲ့ ဒီဘက်ကမ်းကို ကူးလာတယ်။ ကြာညိုပြင်ကိုတောင် ရောက်လာပြီ” ဟု ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲကာ ဆင်သီပြင်ကျေးရွာမှ မူဆလင်အမျိုးသမီး နှစ်ဦးလည်း ဒဏ်ရာ ရရှိသွားကြောင်း ဆင်သီပြင်ကျေးရွာမှ မူဆလင် တစ်ဦးဖြစ်သူ လာဘူဂျာဆိုသူကလည်း ပြောသည်။

ဆက်စပ် သတင်းများ