သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ရောင်းစားခံခဲ့ရသည့် ရခိုင်အမျိုးသမီးငယ် ၄ ဦး အမှုအား သံတမန်ရေးရာအရ ကူညီပေးဖို့ရန် မြန်မာနိုင်ငံလူကူးကုန်မှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့သို့ ထပ်မံတိုင်ကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 843

အီရတ်နှင့် ဆော်ဒီအာ‌ရေဗျနိုင်ငံများသို့ ရောင်းစားခံခဲ့ရသည့် ရခိုင်အမျိုးသမီးငယ် ၄ ဦး အမှုအား သံတမန်ရေးရာအရ ကူညီပေးနိုင်ရန်အတွက် မြန်မာနိုင်ငံလူကူးကုန်မှု တားဆီးကာကွယ်ရေး (ဗဟို)သို့  ထပ်မံတိုင်ကြားထားကြောင်း သတင်းရရှိသည်။

၎င်းတို့ ၄ ဦးနှင့်ပတ်သက်သည့် အချက်အလက်များဖြင့် ရန်ကုန်တိုင်းလူကူးကုန်မှု တားဆီး ကာကွယ်ရေးအဖွဲ့နှင့်ပူပေါင်း၍ ဇူလိုင် ၂၄ ရက်နေ့ တွင် နေပြည်တော်ရှိ လူကုန်ကူးမှုတားဆီးရေး (ဗဟို သို့ တိုင်ကြားစာ ပို့ထားကြောင်း ရခိုင်အမျိုးသားကွန်ရက်မှ ဥပဒေအကြံပေး ရှေ့နေ ဒေါ်ဝိုင်းသူဇာက နိရဉ္စရာသို့ ပြောသည်။

“အခုတရားစွဲထားတဲ့ လမ်းကြောင်းနဲ့သွားရင် ကလေးတွေ ပြန်ရောက်ဖို့ ကြန့်ကြာနိုင်တယ်။ လူကုန်ကူးမှု တားဆီးရေး လမ်းကြောင်းနဲ့ သွားမှာပဲ နိုင်ငံအချင်းချင်းဆက်သွယ်ပြီးတော့ သံရုံးအချင်းချင်း ဆက်သွယ်ပြီး အဲလိုလုပ်မှ ဒီကလေးတွေ  အမြန်ရောက်လာနိုင်ပါတယ်” ဟုပြောသည်။

ရောင်းစားခံရသည့် ရခိုင်အမျိုးသမီးငယ် ၄ ဦးတို့မှာ နေရာအသီးသီးတွင် လုံခြုံမှုကင်းမဲ့စွာ အလုပ် လုပ်နေကြရကြောင်း၊ ၎င်းတို့ အမြန်ဆုံးပြန်ရောက်နိုင်ရန် ရခိုင့်လူမှုအဖွဲ့အစည်းများ ပူပေါင်း ဆောင်ရွက်ကြရန် ရှေ့နေ ဒေါ်ဝိုင်းသူဇာက ဆက်ပြောသည်။

“ကလေးတွေက ဟိုမှာ အလုပ်လုပ်နေရသေးတဲ့အတွက် လုံခြုံမှုမရှိတဲ့ အခြေအနေတွေရှိနေတယ်။ အဲဒီအတွက် ဒီကိစ္စကို တစ်ယောက်နှစ်ယောက်လုပ်နေလို့ မရဘူးလေ။အဲ့ကြောင့် ရခိုင်မှာရှိတဲ့ အဖွဲ့အစည်းတွေ ပူပေါင်းပြီး ကူညီနိုင်မှာသာ ကလေးတွေ မြန်မာနိုင်ငံကို ပြန်ရောက်လာမှာလေ”ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် ပွဲစားအမျိုးသမီးနှစ်ဦးကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် အမှုဖွင့်တရားစွဲဆိုထားသော်လည်း လိုအပ်လာလျှင် သက်ဆိုင်ရာ သံရုံးများမှ တဆင့် သံအမတ်ထံသို့ ပြစ်မှုကျူးလွန်ထားသည့်အကြောင်းကို အသိပေးတိုင်ကြားသွားရန် ရှိနေကြောင်း ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က နိရဉ္စရာသို့ ပြောသည်။

“ကျွန်တော်တို့က အမှုခြေအနေတွေကို စောင့်ကြည့်နေပါတယ်။ တစ်ဖက်ကလည်း လိုအပ်ရင် သံတမန်ရေးအရ ဆော်ဒီမှာဆိုရင် သံရုံးရှိတဲ့အတွက်ကြောင့် ဆော်ဒီကတဆင့် သံအမတ်တွေဆီကို အခုကျူးလွန်ထားတဲ့ အကြောင်းတွေကို အသိပေးတိုင်ကြားဖို့အတွက် စောင့်ကြည့်နေပါတယ်” ဟု ပြောသည်။

အဆိုပါ မနန္ဒာ၊ မခိုင်သန်းအေးနှင့် မပန်ပန်(ခ)ခိုင်စန္ဒာတို့ ပွဲစားသုံးဦးသည် အသက် ၂၂ နှစ်မှ ၂၆ နှစ်အရွယ်ရှိ ရခိုင်အမျိုးသမီးငယ် ၄ ဦးတို့ကို ဒူဘိုင်းရှိအလှပြင်ဆိုင်သို့ပို့ပေးမည်ဟု လိမ်လည် ပြောဆိုကာ အီရတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ ရောင်းစားခဲ့ခြင်းဖြစ်သည်။

ယင်းသို့လိမ်လည်ပို့ဆောင်ခံခဲ့ရ ၄ ဦးမှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များမှ ဖြစ်ကြောင်း သိရသည်။

သူတို့ ၄ ဦးကို ပွဲစားများက ယခုနှစ်၊ မေလ ၇ ရက်တွင် ရန်ကုန်မှ ယူအေးအီးနိုင်ငံ၊ ဒူဘိုင်းမြို့သို့ ပို့ဆောင်ခဲ့ပြီး ယင်းမှတဆင့် ၃ ဦးကို အီရတ်နိုင်ငံသို့ ဆက်လက်ပို့ဆောင်ကာ ကျန်တစ်ဦးကို ဆော်ဒီအာရေဗျနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်အာစာသိမ်းထားသည့် မြန်မာနိုင်ငံအတွင်း ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း အလွန်ရှားပါးမှုများကြောင့် ရခိုင်အပါအဝင် မြန်မာအမျိုးသမီးငယ်များမှာ အရှေ့အလယ်ပိုင်း ဒေသနိုင်ငံများသို့ အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားများ၏အဆက်သွယ်ကိုအားကိုးပြီး နှစ်စဉ် သွားရောက်မှုများရှိနေကြသည်။

ယင်းသို့သွားရောက်အလုပ်လုပ်ကိုင်ရာတွင် အလုပ်ရှင်သူဌေးများ၏ မတရားခိုင်းစေရိုက်နှက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အစာရေစာ ငတ်ပြတ်မှုများကိုကြုံတွေ့နေရပြီး ၄င်းတို့ကို တာဝန်ယူပို့ပေးခဲ့သည့်ပွဲစားများကို တိုင်ကြားလျှင်လည်း ပွဲစားများက မဖြေရှင်းပေးဘဲ လျစ်လျူရှုထားသည်ဟု ကာယကံရှင်အမျိုးသမီးငယ်များက နိရဉ္စရာသို့ပြောဆိုထားကြသည်။

ပုံစာ- ပွဲစားအမျိုးသမီး ၃ ဦး

ဆက်စပ် သတင်းများ