သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းဒေသခံ ၁၅ ဦး တရုတ်နိုင်ငံရှိ သတ္တုစက်ရုံတွင် အလုပ်ရမည်ဟုဆိုကာ ငွေကျပ်သိန်း ၉၀ ကျော် လိမ်လည်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

နိရဉ္စရာ၊ မတ် ၄/၂၀၂၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လက်ဝဲစာတိုက်ကျေးရွာမှ ဒေသခံ ၁၅ ဦးသည် တရုတ်နိုင်ငံရှိ သတ္တုစက်ရုံတွင် အလုပ်လုပ်ရန် ပွဲစားတစ်ဦးက ပို့ပေးမည်ဟုဆိုကာ ငွေကျပ်သိန်း ၉၀ ကျော် လိမ်လည်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ငွေလိမ်ခံရသူများမှာ လက်ဝဲစာတိုက်ကျေးရွာမှ ဦးစောလွင်(ခ)ဦးစိုးလွင်အပါအဝင် ၁၅ ဦးဖြစ်သည်။

ဦးစောလွင်(ခ) ဦးစိုးလွင်ကို ဆွေမျိုးတော်စပ်သူ ဦးစံမြ(ယခင် မြောက်ဦးမြို့နယ် ကျွန်းဖျားကျေးရွာနေသူ)က တရုတ်နိုင်ငံရှိ သတ္တုစက်ရုံတစ်ခုတွင် အလုပ်လုပ်ရန် လူလိုနေသည်ဟုဆိုကာ ဇန်နဝါရီလ အစောပိုင်းက ဖုန်းဆက်လာခဲ့ပြီးနောက် ဦးစောလွင်က ၎င်းကျေးရွာမှ ရွာသားများကို တရုတ်နိုင်ငံတွင် အလုပ်လုပ်ရန် ခေါ်ယူခဲ့သည်ဟု ငွေလိမ်ခံရသူများက ပြောသည်။

တစ်နေ့မှာ တရုတ်ငွေ ၁၀၀ ပေးမယ်ပြောတယ်။ အဲဒီကိုသွားဖို့အတွက် တစ်ယောက်မှာ ငွေ ၈ သိန်းလောက်ပါရမယ်ပြောတယ်။ လိုက်မယ်လို့တောင် သေချာမပြောရသေးဘူး။ သူတို့က ဇန်နဝါရီ ၂၆ ရက်နေ့ကို ကားလက်မှတ်ဖြတ်ထားလိုက်တယ်။ ဒါကြောင့် လိုက်ဖို့ မသေချာတဲ့သူတွေက မလိုက်ဘူးပြောတော့ ကားခ ၁ သိန်းလျော်ပေးရမယ်ပြောတယ်။ မထူးတော့ဘူးဆိုပြီး အတိုးနဲ့ချေးသူချေး၊ နွားရောင်းသူရောင်း၊ လယ်ရောင်းသူရောင်းပြီး လိုက်ခဲ့လိုက်တယ်ဟု ပြောတယ်။

သူတို့ ၁၅ ဦးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်က ပုဏ္ဏားကျွန်းမြို့မှ မန္တလေး၊ မန္တလေးမှတဆင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့သို့ ပွဲစားစီစဉ်ထားသည့်အတိုင်း ကားဖြင့်သွားရောက်ခဲ့သည်ဟု ငွေလိမ်ခံရသူ ကိုကျော်စိုးနိုင်က နိရဉ္စရာကို ပြောသည်။

ပုဏ္ဏားကျွန်းမှာ ကားခ ၁ သိန်း ပွဲစားဆွေမျိုးကိုပေးရတယ်။ မန္တလေးကိုရောက်တော့ ၃ သိန်းပေးရတယ်။ ကျိုင်းတုံကိုရောက်တော့ ပွဲစားနဲ့ ပွဲစားဆွေမျိုးက ဆိုင်ကယ်နဲ့လာပြီး ၃ သိန်းလာယူတယ် ဟုပြောသည်။

တရုတ်တွင် စက်ရုံလောလောဆယ်မဖွင့်သေး၍ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့မှ အဆောင်တစ်ခုတွင် ပွဲစားစီစဉ်ပေးသည့်အတိုင်း ၁၀ ရက်နေခဲ့ရပြီး ပွဲစားက အဆက်အသွယ် ဖြတ်သွားခဲ့သည့်အတွက် ရွာပြန်လာခဲ့ရသည်ဟု သူက ဆက်ပြောသည်။

ပွဲစားက အဆောင်မှာ ကျနော်တို့ ၁၅ ယောက်ကို ထားပြီး တစ်ညအိပ်ပြီး ထွက်သွားတယ်။ ပွဲစားဆွေမျိုးတစ်ယောက်နဲ့ပဲ ဖုန်းအဆက်အသွယ်ရှိတယ်သူနဲ့။ ကျနော်တို့ခေါ်ရင် မကိုင်ဘူး။ ကျနော်တို့လည်း ယုံပြီး ၁၀ ရက်အထိစောင့်ခဲ့ကြတယ်။ နောက်အလုပ်မလုပ်ရလို့ ကျနော်တို့ ပိုက်ဆံပြန်တောင်းတော့ မပေးဘူး။ အိမ်ပြန်ဖို့ ကားလက်မှတ်ခတော့ ဆွေမျိုးဆီကို လွှဲပေးတယ်ဟုပြောသည်။

သူတို့အထဲမှ ၁၀ ဦးမှာ မိမိတို့ရပ်ရွာကိုပြန်လာခဲ့ကြပြီ မိုင်းယန်းတွင် ၁ ဦး၊ ကျိုင်းတုံတွင် ၂ ဦး အလုပ် လုပ်ကျန်ခဲ့ကာ ရန်ကုန်တွင် ပွဲစားဆွေမျိုးဆိုသူနှင့် နောက်ထပ် ၁ ဦးတို့ ကျန်နေခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ အလုပ်လုပ်ရန်ပို့ပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်သွားခဲ့သူ၏ ဆွေမျိုးများကို လိမ်လည်ခံရသူများက တာဝန်ယူဖြေရှင်းပေးရန်တောင်းဆိုထားကြသော်လည်း တစ်စုံတစ်ရာ ဝင်ရောက်ဖြေရှင်းပေးခြင်းမရှိဟု သိရသည်။

အခု ကျနော်တို့မှာ အကြွေးယူပြီး သွားတာဆိုတော့ ရောင်းမယ့်ဟာလည်းမရှိဘူး၊ ပေါင်မယ့်ဟာလည်းမရှိဘူး။ ဘယ်လိုဆပ်ရမယ်မှန်းမသိတော့ဘူး။ ကျနော်တို့ ဒီလို သတင်းဌာနကိုပြောပြရတာကလည်း ကျနော်တို့လို အဖြစ်မျိုးတွေကို ကိုယ့်ပြည်သူ ပြည်သားတွေ မဖြစ်စေချင်လို့ပါဟုပြောသည်။

လက်ရှိတွင် ယခုကိစ္စကို မည်သည့်အဖွဲ့အစည်းကိုမျှ မတိုင်တန်းရသေးဟု သိရသည်။ (NN-3)

ဆက်စပ် သတင်းများ