သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

စစ်တွေမှ မွတ်ဆလင်လူငယ် ၄ ဦး လူကုန်ကူးသူများထံ ရောင်းစားခံထားရ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၂၅ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 653


(လိမ်လည်ခေါ်ဆောင်သူကို ရဲစခန်းတွင် တိုင်ကြားထားသော်လည်း ယနေ့ထိ အရေးယူခြင်းမရှိသေး)


ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင် လူငယ် ၄ ဦးမှာ အလုပ်ရမည်ဟု ပွဲစားက လိမ်လည်ခေါ်ယူပြီးနောက် လူကုန်ကူးသူများထံ ရောင်းချခံထားရသည်ဟု  မိသားစုဝင်များက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

လူကုန်ကူးခံရသူများမှာ စစ်တွေမြို့နယ်၊ အုန်းတောကြီး(မြောက်) မွတ်ဆလင်ဒုက္ခသည်စခန်းမှ မမောတ်ဆော်လိမ် (၁၆)နှစ်၊ ခေါင်းဒုက္ကာကျေးရွာမှ ဟာလာယာ၊ ဆော်ယောတ်တာမိန်နှင့် ဘောဒူဖကျေးရွာမှ တာဟာရ်တို့ ဖြစ်သည်ဟု သိရသည်။

သူတို့ ၄ ဦးကို ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်က စစ်တွေမြို့နယ်ရှိ ခေါင်းဒုက္ကာကျေးရွာမှ ဘိုင်တားယာ ဆိုသူက ရသေ့တောင်မြို့နယ်တွင် အလုပ်အကိုင်ရရှိမည်ဟုဆိုကာ လိမ်လည်ခေါ်ယူပြီး ပွဲစားများထံ အဆင့်ဆင့်ရောင်းစားလိုက်ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

မမောတ်ဆော်လိမ်၏ မိခင်ဖြစ်သူက "ဒီမှာက အလုပ်အကိုင်တွေရှားပါတယ်။ အလုပ်ရမယ်ဆိုတော့ လိုက်သွားကြတာ။ အဲ့ဒီကနေ လူကုန်ကူးသူတွေဆီ ရောင်းစားခံလိုက်ရတယ်" ဟု ပြောသည်။

သူတို့ ၄ ဦးကို ပွဲစားများမှတစ်ဆင့် စစ်တွေမြို့နယ်၊ ကုတင်ပိုင်ကျေးရွာမှ ဦးဆော်မော်ဒိန်းဆိုသူက ဝယ်ယူကာ ၎င်းလူငယ် ၄ ဦးကို လိုချင်ပါက ငွေကျပ် သိန်း ၅၀ ပေးရမည်ပြောသည်ဟု ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။

မမောတ်ဆော်လိမ်၏ မိခင်ဖြစ်သူက "ကျွန်မတို့မှာ ဒီလောက်များတဲ့ ငွေမပေးနိုင်ဘူး။ ရှိလည်း မရှိဘူးလေ။ တစ်နေ့စာတစ်နေ့ ရှာကြံ စားသောက်နေရတာ။ သူတောင်းတဲ့ ငွေသိန်း ၅၀ ပေးနိုင်ဘူးဆိုရင် ကလေးတွေကို သတ်ပစ်မယ်လို့ခြိမ်းခြောက်ပါတယ်။ ကျွန်မသားနဲ့ ဖုန်းတစ်ခါတော့ အဆက်အသွယ်ရတယ်။ ပဲခူးဘက်ရောက်နေတယ်လို့ပြောတယ်။ ကျွန်မတို့ကို သက်ဆိုင်ရာတွေက ကူညီပေးစေချင်တယ်" ဟု ပြောသည်။

လူကုန်ကူးခံထားရသူ မိသားစုများမှာ ငွေကြေးမတတ်နိုင်သည့်အတွက် စခန်းတာဝန်ရှိသူများ၊ လူကုန်ကူးမှုနှိမ်နှင်းရေးဌာနများတွင် စာဖြင့် တိုင်ကြားထားပြီး စစ်တွေမြို့၊ အမှတ်(၁) ရဲစခန်းတွင်လည်း သြဂုတ်လ ၁၂ ရက်က အမှုဖွင့်တိုင်ကြားထားသည်ဟု သိရသည်။

လက်ရှိအချိန်ထိ သက်ဆိုင်ရာတာဝန်ရှိသူများက တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိသေးသလို ဦးဆော်မော်ဒိန်းဆိုသူကိုလည်း ယနေ့အချိန်ထိ မည်သည့်အဖွဲ့အစည်းကမှ အရေးယူဆောင်ရွက်ခြင်းမရှိသေးဟု လူကုန်ကူးခံထားရသူ မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ပေါက်တောမြို့နယ်၊ ကြိမ်နီပြင် ဒုက္ခသည်စခန်းမှ မွတ်ဆလင်ကျောင်းသားငယ် ၃ ဦးသည် လူတစ်စု၏လိမ်လည်ခေါ်ဆောင်ခြင်းခံရပြီးနောက် ပြန်ပေးဆွဲခံထားရကြောင်း သိရသည်။

တစ်ဦးလျှင် ကျပ်သိန်း ၁ဝဝ မပေးပါက သတ်ပစ်မည်ဟုလည်း ပြန်ပေးဆွဲ အဖွဲ့ကပြောဆိုထားသည့်အတွက် မိသားစုဝင်များ အခက်တွေ့နေရသည်ဟု သိရသည်။

ရခိုင်ရှိ မွတ်ဆလင်များသည် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်ကဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် မြို့ပြင်ရှိ မွတ်ဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ၁ဝ စုနှစ်တစ်ခုကျော်ကြာ လွတ်လပ်စွာသွားလာခွင့်မရဘဲ နေထိုင်နေကြရသည်ဟု သိရသည်။

ယင်းသို့ လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ခံထားရသည့်အပြင် ရခိုင်တွင် အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် မွတ်ဆလင် လူငယ်များမှာ နည်းအမျိုးမျိုးဖြင့် သွေးဆောင်ဖြားယောင်းခံရပြီး လူကုန်ကူးခြင်းခံရမှုများနှင့် ပြန်ပေးဆွဲခံရခြင်းများ ရှိနေကြခြင်းဖြစ်သည်ဟု ၎င်းတို့၏ အသိုင်းအဝိုင်းက ပြောသည်။ 


ဓာတ်ပုံ - လူကုန်ကူးခံရသူ ၄ ဦးအနက် မမောတ်ဆော်လိမ်အား တွေ့ရစဥ်။

ဆက်စပ် သတင်းများ