သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

ရခိုင်အမျိုးသမီးငယ် ၄ ဦး ပြည်တော်ပြန်နိုင်ရေး ယင်းနိုင်ငံရှိ မြန်မာသံရုံးများနှင့် နိုင်ငံတကာရွေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ထံ အကူအညီတောင်းထားသော်လည်း ထူးခြားမှုမရှိသေး


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 650

အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်ကြသည့် အီရတ်နှင့် ဆော်ဒီအာ‌ရေဗျနိုင်ငံများသို့ ရောင်းစားခံခဲ့ရသည့် ရခိုင်အမျိုးသမီးငယ် ၄ ဦး နေရပ်ပြန်နိုင်ရေးအတွက် အဆိုပါနိုင်ငံများရှိ မြန်မာသံရုံးများနှင့် နိုင်ငံတကာရွေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ထံ အကူအညီတောင်းထားသော်လည်း လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးဟု ၎င်းတို့အား ကူညီဆောင်ပေးနေသူလည်းဖြစ်၊ ရခိုင်အမျိုးသားကွန်ရက်မှ ဥပဒေအကြံပေး ရှေ့နေ ဒေါ်ဝိုင်းသူဇာက နိရဉ္စရာသို့ ပြောသည်။

သူတို့ ၄ ဦးနှင့်ပတ်သက်သည့် အချက်အလက်များဖြင့် ရန်ကုန်တိုင်းလူကူးကုန်မှု တားဆီး ကာကွယ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်တွင် နေပြည်တော်ရှိ လူကုန်ကူးမှုတားဆီးရေး (ဗဟို) သို့ တိုင်ကြားစာပို့ထားပြီး ယင်းမှတဆင့် အဆိုပါနိုင်ငံများရှိ မြန်မာသံရုံးများနှင့် IOM သို့ ဆက်သွယ်အကူအညီတောင်းထားခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်မှ ဥပဒေအကြံပေး ရှေ့နေ ဒေါ်ဝိုင်းသူဇာက နိရဥ္စရာသို့ ပြောသည်။

“ကျွန်မတို့က အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာရှိတဲ့ မြန်မာနိုင်ငံသံရုံးကို အကူအညီတောင်းတယ်။ ကိုင်ရိုသံရုံးနဲ့ ဆိုင်တယ်ဆိုတော့ အီရတ်မှာက မြန်မာသံရုံးမရှိဘူးလေ။ ပြီးတော့ ကိုင်ရိုသံရုံးကနေ တဆင့် IOM ကို သူတို့အတွက် အကူအညီတောင်းထားတာပါ” ဟု ပြောသည်။

၎င်းတို့၏ လက်ထဲရောက်နေသည့် ရခိုင်အမျိုးသမီးငယ်များကို အသက်အန္တရာယ်ခြိမ်းခြောက်ကာ လိင်အမြတ်ထုတ်မည်ကို စိုးရိမ်မိ၍ ၎င်းတို့မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်ရောက်နိုင်ရေးအတွက် ယခုကဲ့သို့ အကူအညီတောင်းခံထားကြောင်း ပြောသည်။

“ကျွန်မတို့ တစ်ဦးတစ်ယောက်အနေနဲ့ လုပ်နေလို့ ခရီးမရောက်နိုင်ပါဘူး။ အဲဒီတော့ ကျွန်မတို့ တတ်နိုင်တဲ့ ဘက်က ကူညီပေးနိုင်မဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီးတော့ အကူအညီတောင်းထားတယ်။ သူတို့ ဒီထက် ကြာသွားရင်တော့ ပိုဆိုးတဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့ရမှာပါ။ သူတို့တွေ အမြန်ရောက်မှာသာ လုံခြုံစိတ်ချနိုင်မှာပါ” ဟု ပြောသည်။

ယင်းနိုင်ငံများနှင့်သက်ဆိုင်သည့် မြန်မာနိုင်ငံသံရုံးများနှင့် IOM အဖွဲ့တို့က လက်ရှိအချိန်ထိ တစ်စုံတရာတုံ့ပြန်ခြင်းမရှိသေးဟုလည်း ဆိုသည်။

အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ရောင်းစားခံခဲ့ရသည့် ရခိုင်အမျိုးသမီးငယ် ၄ ဦးမှာ မဟန်နီထွန်း (၂၂) နှစ်၊ မဝေဝေ (ခ) မမြတ်အေးစံ (၂၆) နှစ်၊ မသန်းနွယ်ဌေး (၂၅) နှစ်နှင့် မဝင်းဝင်းလှိုင် (၂၂) နှစ်တို့ဖြစ်ကြသည်။

သူတို့သည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များမှဖြစ်ကြသည်။

သူတို့ကို ဒူဘိုင်းရှိအလှပြင်ဆိုင်သို့ပို့ပေးမည်ဟု လိမ်လည်ပြောဆိုကာ စစ်တွေမြို့မှ ပွဲစား မနန္ဒာ၊ မခိုင်သန်းအေးနှင့် ဒူဘိုင်းနိုင်ငံရှိ မပန်ပန်(ခ)ခိုင်စန္ဒာတို့က အီရတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ ရောင်းစားခဲ့ခြင်းဖြစ်သည်။

သူတို့ု ၄ ဦးကို ပွဲစားများက ယခုနှစ်၊ မေလ ၇ ရက်တွင် ရန်ကုန်မှ ယူအေးအီးနိုင်ငံ၊ ဒူဘိုင်းမြို့သို့ တရားဝင်ပို့ဆောင်ခဲ့ပြီး ယင်းမှတဆင့် ၃ ဦးကို အီရတ်နိုင်ငံသို့ဆက်လက်ပို့ဆောင်ကာ ကျန်တစ်ဦးကို ဆော်ဒီအာရေဗျနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ၄ ဦးအနက် အီရတ်နိုင်ငံသို့ ရောင်းစားခံထားရသည့် မဟန်နီထွန်းနှင့် ၅ ရက်ကြာ အဆက်အသွယ်မရသည့်အပြင် မဝေဝေ (ခ) မမြတ်အေးစံသည်လည်း ဩဂုတ်လ ၂၆ ရက်တွင် ရဲထံ ဖမ်းဆီးခံထားရကြောင်း ၎င်းတို့အား ကူညီဆောင်ပေးနေသူလည်းဖြစ်၊ ရခိုင်အမျိုးသားကွန်ရက်မှ ဥပဒေအကြံပေး ရှေ့နေ ဒေါ်ဝိုင်းသူဇာက နိရဥ္စရာသို့ ပြောသည်။

“ကျွန်မတို့ ဟန်နီထွန်းနဲ့ အဆက်အသွယ်မရတာ ၅ ရက်လောက် ရှိပြီ။ နောက် ဝေဝေဆိုတဲ့ ကောင်မလေးက ကျွန်မတို့ (ဩဂုတ်လ ၂၆) စနေနေ့ကပေါ့။ သူ့ကို ရဲသားတွေက စခန်းခေါ်သွားပြီး စခန်းမှာ ဖမ်းဆီးထားတဲ့အကြောင်းကို အသံမက်ဆေ့ချ်ပို့ပြီး ကျွန်မကို ပြောခဲ့တယ်။ သူ့ဆီက ပတ်စပို့စ် (passport) တောင်းတယ်လို့ ပြောတယ်။ မပေးနိုင်လို့ ဖမ်းထားတာလား ကျွန်မလည်း မပြောနိုင်သေးဘူး” ဟု ပြောသည်။

ယင်းအပြင် မဝေဝေ၏ နိုင်ငံကူးလက်မှတ်အား သူမကို ခေါ်ယူထားသည့် အိမ်ပိုင်ရှင်က အတင်းအဓမ္မသိမ်းယူထားပြီး ကျန်တစ်ဦးဖြစ်သည့် မသန်းနွယ်ဌေးသည် အနေဆင်းရဲ၊ အစားဆင်းရဲဖြင့် ကြောက်လန့်စိုးရိမ်စိတ်ဖြင့်နေနေရကြောင်း ရှေ့နေ ဒေါ်ဝိုင်းသူဇာက ဆက်ပြောသည်။

နောက်ထပ် ဆော်ဒီအာရေဗျနိုင်ငံသို့ ရောင်းစားခံရသည့်  မဝင်းဝင်းလှိုင်သည် ဆော်ဒီအာရေဗျမှ ဒူဘိုင်းနိုင်င်ငံရှိ သူဌေးတစ်ဦး၏နေအိမ်သို့ ဩဂုတ်လ ၂၈ ရက်တွင် ကားဖြင့် ပို့ဆောင်ခံခဲ့ရပြီး နှုတ်ဖြင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ခံနေရသည်ဟု ကာယကံရှင် မဝင်းဝင်းလှိုင်က အသံမတ်ဆေ့ရှ်ပို့၍ ပြောပြသည်။

“ ဆရာမ ကျွန်မကို ဒူဘိုင်းကို မနေ့က ခေါ်လာတယ်။ ပြီးတော့ သူဌေးတစ်ယောက်အိမ်မှာ ထားတယ်။ အဲသူဌေးနဲ့ အတူတူနေရမယ်။ ပြီးတော့ သူတို့ကို လူတွေ ထပ်ခေါ်ပေးဖို့၊ ပွဲစားလုပ်ပေးဖို့ ပြောတယ်။ ကျွန်မ မလုပ်နိုင်ဘူးလို့ ပြောလိုက်တယ်” ဟု ပြောသည်။

လက်ရှိတွင် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ပွဲစားများဖြင့် တရားဝင်လာခဲ့ပြီးနောက် ပွဲစားများ၏ စက်ဆုတ်ယုတ်ညံ့မှုများကြောင့် ရောင်းစားခံထားရပြီး ကူရာမဲ့ဖြစ်နေသည့် မြန်မာအမျိုးသမီး အယောက် ၈၀ ကျော်ခန့်ရှိကြောင်း အိုမန်နိုင်ငံရှိ မြန်မာနိုင်ငံပိုင် အေးဂျင်စီတစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးထံမှ သိရသည်။

ယင်းထဲတွင် ရခိုင်အမျိုးသမီးငယ်များပါဝင်ပြီး အရေအတွက်မသိရသေးသော်လည်း အသက်အရွယ်အားဖြင့် အသက် ၂၀ မှ ၃၀ ကြားရှိကြောင်း သိရသည်။

လက်ရှိတွင်လည်း မြန်မာနိုင်ငံမှ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ သွားရောက်ရန် ရခိုင်အမျိုးသမီးများအပါဝင် မြန်မာအမျိုးသမီးများသည် ရန်ကုန်မြို့တွင် သက်ဆိုင်ရာ အေးဂျင်စီများ၏ သတ်မှတ်ထားသည့် နေရာအဆောက်အဦများနှင့် အဆောင်များငှား၍ စောင့်ဆိုင်းလျက်ရှိကြကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံအတွင်း အစိုးရအဆက်ဆက် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်း အလွန့်အလွန်ရှားပါးမှုများကြောင့် ရခိုင်အပါအဝင် မြန်မာအမျိုးသမီးငယ်များမှာ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများအပါအဝင် ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားများ၏အဆက်အသွယ်ကိုအားကိုးပြီး နှစ်စဉ် သွားရောက်မှုများရှိနေကြသည်။

ယင်းသို့သွားရောက်အလုပ်လုပ်ကိုင်ရာတွင် အလုပ်ရှင်သူဌေးများ၏ မတရားခိုင်းစေရိုက်နှက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အစာရေစာငတ်ပြတ်မှုများကိုကြုံတွေ့နေရပြီး ၄င်းတို့ကို တာဝန်ယူပို့ပေးခဲ့သည့်ပွဲစားများကိုတိုင်ကြားလျှင်လည်း ပွဲစားများက မဖြေရှင်းပေးဘဲ လျစ်လျူရှုထားသည်ဟု ကာယကံရှင်အမျိုးသမီးငယ်များက နိရဥ္စရာသို့ပြောဆိုထားကြသည်။ (NN-9)

ဆက်စပ် သတင်းများ