စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

အလုပ်အကိုင်မရှိ၍ ပုဏ္ဏားကျွန်းမြို့နယ်မှအမျိုးသမီးများ မိုင်းအန္တရာယ်ကြားမှ ကတက်ဥတူး၍ ဘ၀ဝမ်းရေးဖြေရှင်းနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 959

(ပုဏ္ဏားကျွန်းမြို့နယ်ဘက်တွင် ကတက်ဥဝယ်လိုအားကောင်းနေ)

 

အလုပ်အကိုင် ရှားပါးပြီး စားဝတ်နေရေးကျပ်တည်းမှုများနှင့် ရင်ဆိုင်နေကြရသော ပုဏ္ဏားကျွန်း မြို့နယ်ဒေသအချို့မှ အမျိုးသမီးများသည် မိုင်းအန္တရာယ်ကြားက တောတောင်များသို့ သွားရောက်ကာ ကတက်ဥ (ရခိုင်အခေါ် သင်္ဘောဥ) ရှာဖွေတူးဖော်ရောင်းချပြီး ဘ၀ဝမ်းရေးကို ဖြေရှင်းနေကြသည်ဟု သတင်းရရှိသည်။

 

ယခုနှစ်တွင် ကတက်ဥမှာ ဒေသအတွင်း ဝယ်လိုအားများနေ၍ အလုပ်အကိုင်မရှိသည့် အမျိုးသမီးများအနေဖြင့် အရဲစွန့်ကာ စားဝတ်နေရေးအဆင်ပြေစေရန် ကတက်ဥတူးကာ အလုပ် ဖြစ်နေကြရခြင်းဖြစ်ကြောင်း သဲတော်ကျေးရွာမှ မစောရွှေမေက ပြောသည်။

 

 "ရခိုင်မှာက အလုပ်အကိုင်တွေရှားပါတယ်။ လုပ်စရာအလုပ်ရယ်လို့မရှိဘူး။ ဒီလိုမိုးရာသီမှာ ရာသီစာကတက်ဥတွေကို အရင်ကနေ တူးပြီးရောင်းတာ။ အခုနောက်ပိုင်းမှာ ဝယ်လိုသူတွေ များလာတယ်။ ဝယ်လိုသူတွေများလာတော့ အလုပ်အကိုင်မရှိဘဲ ဒီအတိုင်းနေမယ့်အတူတူ ကျွန်မတို့ ကတက်ဥတူးပြီးရောင်းတယ်။ အလုပ်တစ်ခုဖြစ်လာတယ်။ နေ့စဥ် ဝင်ငွေရတဲ့ အလုပ်တစ်ခုပေါ့" ဟု ပြောသည်။  


မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် ရခိုင်တွင် အလုပ်အကိုင်ပိုမိုရှားပါးလာပြီး စားဝတ်နေရေး ပိုမိုကျပ်တည်းလာရာမှ ဒေသခံအများအပြားမှာ ထိုင်း၊ မလေးရှားနှင့် တရုတ်နယ်စပ်သို့ အလုပ်လုပ်ရန် ထွက်ခွာနေကြရပြီး ပြည်ပသို့ မထွက်ခွာနိုင်သူများအနေဖြင့် စားဝတ်နေရေးကို ယခုကဲ့သို့ ဖြစ်သလို ဖြေရှင်းနေကြရသည်ဟု သူမက ပြောဆိုသည်။




ပုဏ္ဏားကျွန်းမြို့နယ်သည် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သည့် တကျော့ပြန် တိုက်ပွဲအတွင်း မကြာခဏတိုက်ပွဲ ဖြစ်ပွားခဲ့ရာ မြို့နယ်တစ်ခုဖြစ်ပြီး စစ်ပွဲအလွန်ကာလတွင်လည်း စစ်ကျန်လက်နက်ကျည်ဆံများနှင့် မိုင်းပေါက်ကွဲ၍ ဒဏ်ရာရသေဆုံးမှုများရှိနေသော မြို့နယ်တစ်ခုဖြစ်သည်။

 

သို့သော်လည်း  ဒေသခံအမျိုးသမီးများသည် ဒေသထွက် ရာသီစာတစ်ခုဖြစ်သော ကတက်ဥများကို အောင်မြကျော်ရွာအလွန် တောင်ကိုကျော်ပြီး ပင်ပင်ပန်းပန်းတူးယူရခြင်းဖြစ်သည်ဟု ပြောဆိုသည်။

ကတက်ဥ ၄၀ သား တစ်စည်းကို ဇူလိုင်လ ပထမပတ်၊ ဒုတိယပတ်တုန်းကဆိုလျှင် ၁၅၀၀ ကျပ်အထိရရှိခဲ့သော်လည်း လက်ရှိတွင် ၆၀၀ ကျပ်သာရရှိသော်လည်း ဝမ်းရေးအတွက် နေ့တိုင်းသွားရောက် တူးယူကာ ရောင်းချနေကြရသည်ဟု သိရသည်။

နောက်ထပ် သဲတော်ကျေးရွာမှ အမျိုးသမီးတစ်ဦးက "တူးနိုင်တဲ့သူတွေအတွက် ပိုအဆင်ပြေပါတယ်။ မတူးနိုင်တဲ့သူတွေသာ အဆင်မပြေဘူးပေါ့။ ဒါပေမဲ့ ဘာအလုပ်အကိုင်မှ မရှိတာထက်စာရင် ကတက်ဥ တူးရောင်းတာ တစ်နေ့မှာ တစ်သောင်းကျော်၊ နှစ်သောင်းနီးပါးအထိတော့ ဝင်ငွေရပါတယ်။ တစ်ဖက်တစ်လမ်းက ဝင်ငွေရတော့ အဆင်ပြေတယ်။ ကလေးတွေကျောင်းစရိတ် ကာမိတာပေါ့။ မိုင်းအန္တရာယ်ကို သိပေမယ့် အရဲစွန့်ပြီး ဘ၀ဝမ်းရေးအတွက် သွားနေကြရတာပါပဲ" ဟု ပြောသည်။



 

တောင်ပေါ်မှတူးယူရရှိသည့် ကတက်ဥများကို စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းစသည့်မြို့များမှ အဝယ်ဒိုင်များက နေ့စဥ်နေ့တိုင်း ညနေ ၃ နာရီကျော်လျှင် ကားဖြင့် ပုံမှန်လာဝယ်ယူနေခြင်းဖြစ်သည်။

စစ်တွေမှ ကတက်ဥအဝယ်ဒိုင်အမျိုးသမီး ဒေါ်တင်တင်က "ကျွန်မက ဒီကရတဲ့ ကတက်ဥတွေကို အကုန်ဝယ်တာပေါ့နော်။ ပြီးရင် စစ်တွေမှာ တစ်ဆင့် ပြန်ရောင်းတယ်။ ရာသီစာဆိုတော့ ထမင်းဆိုင်တို့က လာဝယ်ယူကြတယ်။ ဈေးထဲမှာလည်းရောင်းတယ်။ ပြည်မအထိတော့မပို့ဘူး။ လမ်းခရီးကြာတာနဲ့ ကတက်ဥတွေက တာရှည်ထားရင် ရင့်သွားတတ်လို့ အဆင်မပြေဘူး" ဟု ပြောသည်။

ကတက်ဥကို ဟင်းအဖြစ်လည်း ချက်စား၍ရသလို ဟင်းချိုအဖြစ်လည်း သုံးဆောင်နိုင်သည်။

ယင်းအပြင် ထုခြေအခြောက်လှမ်းပြီးနောက် ချက်စား၍သော်လည်းကောင်း၊ သုပ်စား၍ သော်လည်းကောင်း စား၍ရသည့် သဘာဝအစားအစာ ရာသီစာတစ်မျိုး ဖြစ်သည်။

ရခိုင်မှာ ဆင်းရဲမွဲတေမှုနှင့် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် အမျိုးသားများ သာမက အမျိုးသမီးများပါ ပြည်ပထွက်ခွာမှုများ မြင့်တက်လာနေသည်ဟုလည်း သိရသည်။

ယင်းအပြင် နယ်ဘက်များတွင်လည်း အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် အမျိုးသမီးများမှာ တောင်ပေါ်သို့သွားကာ ရာသီစာ မျှစ်ချိုး၊ ကတက်ဥတူးယူ ရောင်းချမှုများပြုလုပ်နေကြရပြီး စစ်လက်နက်အကြွင်းအကျန်များနှင့် မြေမြှုပ်မိုင်းစသည့်အန္တရာယ်များကိုလည်း တစ်ဘက်မှ စိုးရိမ်နေကြရသည်ဟု ဆိုသည်။ (NN-12)

ဆက်စပ် သတင်းများ