စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

သံတွဲထောင်မှ ၁၇(၁)ဖြင့် နောက်ထပ် ၁ ဦးလွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 767

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သံသယဖြင့်ဖမ်းဆီးတရားစွဲခံနေရသူ နောက်ထပ် ၁ ဦးသည် သံတွဲအကျဉ်းထောင်မှ ယမန်နေ့ညက ထပ်မံ လွတ်မြောက်လာခဲ့သည်ဟု ဒေသခံများက ပြောသည်။

လွတ်မြောက်လာသူမှာ AA နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံနေရသည့် ဦးစံရွှေကျော်ဆိုသူဖြစ်ပြီး ယမန်နေ့ သြဂုတ်လ ၂ ရက်၊ ည ၈ နာရီတွင် လွတ်မြောက်လာခြင်းဖြစ်သည်ဟု သူနှင့်နီးစပ်သည့် သံတွဲဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ညနေ ၆ နာရီခန့်အထိ သံတွဲမှ လူမှုရေးလှုပ်ရှားသူနှင့် တေးရေး ကိုစန်းကိုအပါအဝင် ၁၆ ဦးသည် သံတွဲထောင်မှ လွတ်မြောက်ခဲ့ပြီးနောက် နောက်ထပ် ၁ ဦး ထပ်မံလွတ်မြောက်ခဲ့ရာ သံတွဲထောင်မှ စုစုပေါင်း ၁၇ ဦးလွတ်မြောက်လာခဲ့ပြီဖြစ်သည်။



လွတ်မြောက်လာသူများနှင့် နီးစပ်သည့် သံတွဲဒေသခံတစ်ဦးက အားလုံးကတော့ ၁၇(၁)နဲ့ပါပဲ။ ကျနော်တို့သိသလောက်ကတော့ ၁၇(၁)နဲ့ ဖမ်းထားတာက ၃၁ ယောက်။ အဲဒီ ၁၇(၁)နဲ့ ၃၁ ယောက်မှာ လွတ်လာတာက ၁၇ ယောက်ပါဟု ပြောသည်။

ယနေ့တွင်လည်း သံတွဲထောင်မှ ထပ်မံလွတ်မြောက်လာမည့်သူများရှိနိုင်၍ မျှော်လင့် စောင့်စားနေကြသည်ဟု ဆိုသည်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs)နှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲအမှုများကို ပိတ်သိမ်းပြီး လွတ်ငြိမ်းခွင့်ပေးလိုက်ရာတွင် ရခိုင်မှ AA နှင့်ဆက်စပ်သံသယဖြင့် အမှုရင်ဆိုင်နေရသူ ၆၂ ဦးအထိ လွတ်မြောက်လာပြီဟု သိရသည်။

သူတို့မှာ စစ်တွေမှ ၁၂ ဦး၊ ကျောက်ဖြူမှ ၁ဝ ဦး၊ သံတွဲမှ ၁၇ ဦး၊ ဘူးသီးတောင်မှ ၉ ဦး၊ ကျောက်တော်မှ ၂ ဦး၊ တောင်ကုတ်မှ ၃ ဦး၊ မောင်တောမှ ၄ ဦးနှင့် အမ်းမှ ၅ ဦးတို့ ဖြစ်သည်။

သူတို့ထဲတွင် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)၊ ၁၇(၂)အပါအဝင် နိုင်ငံတော်ဆူပူလှုံဆော်မှုဆိုင်ရာပုဒ်မ ၅၀၅ (က)ဖြင့် တရားရင်ဆိုင်နေရသူများလည်းပါကြောင်း နိရဥ္စရာက စုံစမ်းသိရသည်။

ဓာတ်ပုံ - လူမှုရေးသမား တေးရေးဆရာ ကိုစန်းကိုနှင့်အချို့အား သြဂုတ် ၂ ရက်တွင် သံတွဲထောင်မှ လွတ်မြောက်လာစဉ်။

ဆက်စပ် သတင်းများ