ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဘူးသီးတောင်ထောင်တွင် အကျင့်ပျက်ခြစားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 952

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်အကျဉ်းထောင်တွင် လူ့အခွင့်အရေးချိုးဖောက်မှု၊ ခွဲခြားဆက်ဆံမှုနှင့် အကျင့်ပျက် ခြစားမှုများဖြစ်ပေါ်နေသည်ဟု ဩဂုတ် ၁ ရက်နေ့က ဘူးသီးတောင် အကျဉ်းထောင်မှ လွတ်လာသည့် အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

“ ဒီလိုဗျ။ ထောင်ထဲမှာ ထောင်ကခိုင်းတဲ့ အလုပ်မလုပ်ချင်ရင် အကျဥ်းသား/သူတွေက အလှူရှင်အဖြစ် ပထမအရစ်မှာ ကျပ် ငွေ ငါးသောင်းကျပ်စီပေးရပါတယ်။  ပြီးနောက်လစဥ် ကျပ်ငွေ ၅၀၀၀ကျပ်စီပေးဆောင်ရတယ်။ ငွေပေးနိုင်ရင် အလုပ်ခိုင်းစေမခံရဘူးပေါ့”ဟု ၎င်းက ပြောသည်။

၎င်းပြင် အကျဉ်းထောင်၏ အထွေထွေလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အကျဥ်းသားများထံမှ ရရှိသော ငွေဖြင့်လုပ်ဆောင်သည်ဟု ၎င်းက ဆိုသည်။ ထိုလုပ်ငန်းဆောင်တာများမှာ အကျဥ်းထောင် ရောင်သုတ်ခြင်း၊အဆောင်ရောင်သုတ်ခြင်း၊မိလ္လာပြုပြင်ခြင်း၊ မီးစက်ဝယ်ယူခြင်းစသည့်တို့​ ဖြစ်ကြသည်ဟုဆိုသည်။

၎င်းအကျဉ်းထောင်အတွင်း အလယ်ဗဟိုမှာ မိန်းက​လေးနှစ်ထပ်ဆောင် ရုံးတွင် ဦးစီးအရာရှိ ဦးအောင်ဖြိုးဦးက တာဝန်ယူ စည်းကမ်းထိန်းသိမ်းကြောင်း၊  အဆောင်တိုင်းတွင်  စည်းကမ်း ထိန်းသိမ်းရေး အတွက် ထောင်မှူးခေါ် တစ်ပွင့် ဗိုလ်လေးတစ်ယောက်စီကို တာဝန်ပေးထားကြောင်း၊ အဆောင်၏ အခန်းတိုင်းတွင်  အခန်းလူကြီး တစ်ယောက်နှင့် စည်းကမ်းထိန်းတစ်ယောက်စီ ခန့်အပ် တာဝန်ပေးကြောင်း သိရသည်။

“  အခန်းလူကြီးတွေကို ရခိုင်အပါအဝင် တိုင်းရင်းသားတွေကို ခန့်တယ်။ မွတ်ဆလင် တစ်ဦးဦးက  စည်းကမ်းထိန်း ဖြစ်ချင်ရင် ကျပ်ငွေ(၂) သိန်းကျပ်စီကို ဦးစီးအရာရှိနဲ့ အခန်းလူ​ကြီးကို လာဘ်ထိုးရပါတယ်။ ဒါမှ မွတ်ဆလင်တစ်ယောက်က ဒီတာဝန်ကို ထမ်းဆောင်ခွင့် ပေးပါတယ်”ဟု ၎င်းက ပြောသည်။


အုတ်နံရံအတွင်း မည့်သည်အလုပ်မဆို အကျဥ်းသား/သူမှတာဝန်ယူဆောင်ရွက်ရပြီး အဆောင် (၂) ကို အချုပ်ဆောင်ဟု သတ်မှတ်ထားသည်ဟု ဆိုသည်။

“ ထောင်ကျခံနေရတဲ့  အကျဥ်းသားတစ်ယောက်ယောက်က အဆောင် ၂ မှာ အချုပ်သားဘ၀နဲ့ အေးအေးဆေးဆေး နေထိုင်ချင်ရင် ငွေကျပ် ၁သိန်းမှ ငွေ ကျပ်၂သိန်းထိပေးရတယ်။  တောင်ယာဘုတ်၊ ရေကန်ဗာရာ၊ သံချောင်းသန့်ရှင်းရေး၊ မြောင်းသန့်ရှင်း၊ ICRC မိလ္လာ သန့်ရှင်းရေး၊ အတွင်း မိလ္လာသန့်ရှင်းရေးစတဲ့  ခေါင်းစဥ်တစ်ခုခု တပ်ကာ နေထိုင်လို့ ရပါတယ်” ဟု ပြော ဆိုသည်။

ဘူးသီးတောင်ထောင်တွင် အကျဉ်းသား ၈၀၀ ခန့်ရှိပြီး သုံးပုံ နှစ်ပုံမှာ မွတ်ဆလင်များ ဖြစ်ကြပြီး ကျန်တစ်ပုံမှာ ရခိုင်နှင့် တစ်ခြား တိုင်းရင်းသားများဖြစ်ကြောင်း ၎င်းက ပြောသည်။

“ အဆောင်၂ကို အချုပ်ဆောင်လို့ သတ်မှတ်ထားပေမယ့် အချုပ်သားတွေကိုလည်း အလုပ်ခိုင်းတယ်။ အလုပ်ကာချင်ရင် ဗိုလ်လေးရုံးမှာနေတဲ့ အကျဥ်းသားဖြစ်သူ ဦးခင်မောင်အေးနဲ့ သွားရှင်းရပါတယ်။ အလုပ်ကာခအဖြစ်ငွေကျပ်သိန်းနှင့်ချီပေး​ ဆောင်ရပါတယ်။ထောင်ပိုင်ကြီးက ၂ ပတ် တစ်ခါ ဝင်ကြည့်ပါတယ်။ တင်ပြရင်လည်း ဘာမှမထူးခြားပါဘူး”ဟု ပြောသည်။

ထောင်ထဲတွင် ထမင်းကို လိုသလောက်စားရသော်လည်း ဟင်းကို ကစွန်းရွက် ၊ချဉ်ပေါင်ရွက်၊ မကျဉ်းရွက်များကို ရောစပ်၍ ငရုတ်သီးနည်းနည်း၊ ဆီနည်းနည်းထည့်ပြီး ချက်ပြုတ်ကျွေးမွေးသည်ဟု ဆိုသည်။

“ တစ်ဆောင်မှတစ်ဆောင်သို့သွားလာရေးကိုအရမ်း တင်း​ ကြပ်ထားပါတယ်။  အမှန်စင်စစ် လူသားတစ်ဦးအနေနဲ့ ထောင်ကကျွေးတဲ့ ထမင်းကို စားနိုင်ဖို့ အတော့်ကို ခဲယဥ်းပါတယ်။ တပတ်မှာ  ငါး (၄)ခါကျွေးတယ် ဆိုပေမယ့် ငါးတစ်တုံး တစ်ကျပ်သားခွဲလောက်ရှိမယ့်လို့မှန်းပါတယ်။ လူသားတွေနဲ့ အသက်ရှင်​ နေထိုင်ဖို့ ခက်ခဲပါတယ်။ဆေးဝါးအပိုင်းမှာ ငွေပေးနိုင်ရင် ဆေးကုပေးတယ်။ ငွေမပေးနိုင်ရင်တော့ ဘာမဟုတ်တဲ့ ဆေးမျိုးဘဲ ပေးတာတွေ့ရပါတယ်” ဟု ၎င်းက ပြောဆိုသည်

အခန်းတွင်း နေ့စဉ်ရှာဖွစစ်​ဆေး၍ စားစရာများ၊ အသုံးအဆောင်ပစ္စည်များကို ဗိုလ်လေးဦးထွန်းကြည် က သိမ်းယူခြင်း/စစ်ဆေးခြင်းများပြုလုပ်ပြီး  လူမျိုးရေး၊ ဘာသာရေး ခွဲခြား၍ဆဲဆို စော်ကားခြင်းများပြုလုပ်သည်ဟု​ ၎င်းက ပြောဆိုသည်။

အကျဉ်းသား/သူများအထဲတွင် မူးယစ်ဆေးဝါး အမှု (၁၉/က)ဖြင့်ထောင်ကျနေသူ  ၇၅ ရာခိုင်နှုန်းဖြစ်ပြီး လဝကအမှုနှင့် ၁၅ရာခိုင်နှုန်းနှင့် ကျန် ၁၀ ရာခိုင်နှုန်းမှာ အထွေထွေ အမှုတွေဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင် အကျဉ်းထောင်၏ ဧရိယာမှာ ၂၆ ဒဿမ ၀၂ဧက ကျယ်ဝန်းပြီး ပြည်သူပိုင် လယ်မြေများကို သိမ်းပိုက်ကာ အလျားပေ (၅၀၀)× အနံပေ (၅၀၀) မြေအကျယ်အဝန်းကို အုတ်ရိုးနံရံခတ်ကာ ထောင်အဖြစ် ၁၉၉၆ခုနှစ်၊ဖေဖေါ်ဝါရီလ(၂၆)ရက်နေ့မှစတင်၍ တည်ထောင်ခဲ့သည်။

၎င်းအုတ်နံရံအတွင်းတွင် အမျိုးသားအိပ်ဆောင်(၄)ဆောင်၊ အမျိုးသမီးအိပ်ဆောင်(၁)ဆောင်၊ ဆေးခန်းဆောင်(၁)ဆောင် ၊စားဖိုကြီး တစ်ဆောင်၊ ဆန်နှင့်ပဲအပါအဝင် ရိက္ခာများထားသော  ဂိုဒေါင် (၁)ဆောင်၊ ပြစ်ဒဏ်တိုက် (၁) တိုက်ကျ/ချုပ်ရုံးနှင့် သီးသန့်တိုက်(၁)တိုက်တို့ အသီးသီး တည်ရှိသည်။

အမျိုးသားအိပ်ဆောင်(၄)ဆောင် အနက်မှအ ဆောင်(၂) နှင့် အမျိုးသမီးအိပ်ဆောင်တို့သည် နှစ်ထပ်ဆောင် များဖြစ်သည်ဟု သိရသည်။

“ အကျဉ်းထောင်ဆိုတာ လူဆိုး၊လူမိုက်များကို သွန်သင်ဆုံးမပေးတဲ့နေရာ။ အကျဉ်းကျသူတွေကို  ယဥ်ကျေးတဲ့ လူကောင်း လူမွန်ဖြစ်လာစေဖို့ လုပ်ဆောင်ပေးနေတဲ့ ကျောင်းဖြစ်ပါတယ်။ ဒါပေမယ့် အခုက အဲသလို ကျောင်းဖြစ်ရမယ့်အစား လူဆိုးလူမိုက်မွေးတဲ့ နေရာလို့ စိတ်တွင်းခံစားမိရပါတယ်” ဟု ၎င်းက ပြောသည်။ (NN-30)

 

ဆက်စပ် သတင်းများ