တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

အိန္ဒိယနိုင်ငံ၊ ဩရိဿနှင့် အနောက်ဘင်္ဂလားပြည်နယ်တို့ကို လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြတ်ကျော်ဝင်ရောက်နေ


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 946

(ရခိုင်ကမ်းရိုးတန်းရှိ မြို့များတွင် မိုးထစ်ချုံးရွာသွန်းလျက်ရှိ)

ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပွားနေသည့် လေဖိအားနည်းရပ်ဝန်းတစ်ခုသည် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလား ပြည်နယ်တောင်ပိုင်းတို့ကို ဖြတ်ကျော် ဝင်ရောက်လျက်ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာလ ၂ဝ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်-ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ် တောင်ပိုင်းတို့ကို ဖြတ်ကျော်ဝင်ရောက် လျက်ရှိသည်ဟု မိုး/ဇလ၏ ယနေ့ နေ့လယ် ၂ နာရီအချိန်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း အိန္ဒိယ နိုင်ငံ၊ ဂျက်ခန်းပြည်နယ်ကို ဖြတ်ကျော်နိုင်ပြီး၊ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်ဟု သိရသည်။

နောက်(၂)ရက်အတွင်း မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိမည်ဟု ဆိုသည်။

လက်ရှိတွင် စစ်တွေအပါအဝင် ရခိုင်ကမ်းရိုးတန်းဒေသအချို့၌ ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ မိုးထစ်ချုံးရွာသွန်းလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်းလည်း ဆိုထားသည်။

ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ကြောင်း သိရသည်။ (NN-16)

ဓာတ်ပုံ - မိုး/ဇ

ဆက်စပ် သတင်းများ