အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ကချင်တွင်ကျဆုံးသွားသော AA တပ်သားတစ်ဦး၏ မိဖများထံ AA စစ်ဦးစီးချုပ် အကြောင်းကြားစာပေးပို့


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၅ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.8k

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျဆုံးသွားသော ရက္ခိုင့်တပ်တော်(AA)တပ်သားတစ်ဦး၏ မိဖများထံသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)စစ်ဦးစီးချုပ်က အကြောင်းကြားစားပေးပို့လိုက်ကြောင်း သိရသည်။


လိုင်ဇာမြို့တွင် ကျဆုံးသွားသော AA တပ်ဖွဲ့ဝင်မှာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ငန်းတက်အုပ်စု၊ ငန်းတက်ကျေးရွာမှ ဦးဦးသိန်းနှင့် ဒေါ်အေးတင်တို့၏သား အသက် ၂၇ နှစ်အရွယ် တပ်သား မောင်ဘိုဆန်းဖြစ်ကြောင်း သိရသည်။

တပ်သား မောင်ဘိုဆန်းသည် ပြီးခဲ့သည့် အောက်တိုဘာလ (၉) ရက်၊ ည (၁၁)နာရီခွဲခန့်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ AA တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ ကျဆုံးခဲ့သူဖြစ်သည်။

ယခုကဲ့သို့ ကျဆုံးသွားသည်ကို ဝမ်းနည်းကြောင်း ULA/AA စစ်ဦးစီးချုပ်က အောက်တိုဘာ ၁၂ ရက်တွင် အကြောင်းကြားစာပေးပို့လာခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက နိရဥ္စရာကို ပြောသည်။

"အကြောင်းကြားစာပေးပို့ခဲ့တာ မှန်ပါတယ်"ဟု ပြောသည်။

တပ်သား မောင်ဘိုဆန်းသည် ၂၀၁၉ ခုနှစ်ကပင် AA ထံ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

တပ်သား မောင်ဘိုဆန်းကျဆုံးခဲ့ရသည့်ဖြစ်စဉ်အတွင်း နောက်ထပ် AA တပ်ဖွဲ့ဝင် (၁၀) ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။

ယင်းအပြင် စက်တင်ဘာလ(၂၈) ရက်ကလည်း မြန်မာစစ်တပ်၏ ခါယာတောင်မှ ပစ်ခတ်လိုက်သော ၁၂၀ မမ၊ လက်နက်ကြီးကျည်သည် လိုင်ဇာရှိ AA မုန်လိုင်ခက်စခန်းအတွင်း ကျရောက်ပေါက်ကွဲ၍ AA မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦး ကျဆုံးသွားခဲ့ပြီး အလတ်စား၊ အပြင်းစား ဒဏ်ရာရရှိသူအချို့ရှိခဲ့သည်ဟု ဦးခိုင်သုခက ပြောဆိုထားသည်။

 

ဓာတ်ပုံ - ကျဆုံးသွားသော AA တပ်သား မောင်ဘိုဆန်းအား တွေ့ရစဉ်။ (Photo – CJ)

 

 

ဆက်စပ် သတင်းများ