တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

ANP ကို UEC က မှတ်ပုံတင်ခွင့်ချမပေးသေးသည့်ကိစ္စ ပါတီခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 694

ရခိုင်အမျိုးသားပါတီ(ANP)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က မှတ်ပုံတင်ခွင့်ချမပေးသေးသည့်ကိစ္စအပါအဝင် ပါတီရေးရာကိစ္စအချို့နှင့်ပတ်သက်ပြီး ပါတီခေါင်းဆောင်များ ရန်ကုန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အောက်တိုဘာလ ၂၁ ရက်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ကုက္ကိုင်းလမ်းဆုံအနီးမှ ဘုံကျောင်းဆိုင်၌ အလွတ်သဘောတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ယင်းနေ့ကတွေ့ဆုံပွဲသို့ ANP ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှ၊ ဒုဥက္ကဋ္ဌများဖြစ်သည့် ဦးတင်ညိုနှင့် ဦးမြင့်နိုင်၊ ပါတီ၏မူဝါဒရေးရာဦးဆောင်ကော်မတီဝင်များဖြစ်ကြသည့် ဦးဘရှိန်၊ ဦးစံကျော်လှ၊ ဦးထွန်းအောင်ကျော်နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် ဦးဖေကြွယ်နှင့် ဒေါ်ခင်စောဝေတို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

တွေ့ဆုံပွဲတွင် မကြာသေးခင်က နေပြည်တော်၌ စစ်ကောင်စီက ကျင်းပခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၈)နှစ်မြောက်အခမ်းအနားကို ANP ပါတီကိုယ်စားပြုမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရဖိတ်ကြားခံရ၍တက်ရောက်ခဲ့သူများ၏ ပြန်လည်တင်ပြချက်များနှင့် လက်ရှိနိုင်ငံရေးအခြေအနေများ၊ အမြင်များနှင့် ပါတီရေးရာကိစ္စများကို ဆွေးနွေးသုံးသပ်ခဲ့ကြသည်ဟု တွေ့ဆုံပွဲကို တက်ရောက်ခဲ့သည့် ANP ပါတီ၏မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

နောက်ပြီး UEC က ANP ကို မှတ်ပုံတင်ခွင့်ချမပေးသေးသည့်ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသော်လည်း တစ်စုံတစ်ရာဆုံးဖြတ်ချက် ချခဲ့ကြခြင်းမျိုး မရှိခဲ့ဟုလည်း ဦးထွန်းအောင်ကျော်က နိရဥ္စရာကို ပြောသည်။

"NCA
နှစ်ပတ်လည်မှာ ကျနော်တို့ပါတီကိုတော့ မဖိတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရအနေနဲ့ ပါတီကို ပထမဆုံးမှတ်ပုံတင်ခွင့်လျှောက်ခဲ့တဲ့ ဦးဘရှိန်နဲ့ ဦးစံကျော်လှကို ဖိတ်ခဲ့တယ်။ သူတို့ပြန်လာတော့ ကျနော်တို့ ရန်ကုန်မှာ ပါတီဝင်တွေဆွေးနွေးပွဲလုပ်ခဲ့တာ။ ပါတီမှတ်ပုံတင်မကျသေးတဲ့ကိစ္စ အပါအဝင်ပေါ့နော်"ဟု ပြောသည်။

ရခိုင်မှ ANP အပါအဝင် နိုင်ငံရေးပါတီ ၆ ခုတို့သည် UEC ထံ မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ကြသော်လည်း ယင်းအထဲမှ ANP ပါတီတစ်ခုတည်းကိုသာ UEC က လက်ရှိအချိန်အထိ မှတ်ပုံတင်ခွင့်ချမပေးသေးခြင်းဖြစ်သည်။

ယင်းသို့ မှတ်ပုံတင်ခွင့်ချမပေးသေးသော်လည်း NCA နှစ်ပတ်လည်ပွဲသို့ ANP ပါတီနှင့်ဆက်နွယ်နေသူအချို့ကို စစ်ကောင်စီက ပုဂ္ဂိုလ်ရေးအရ ဖိတ်ကြားခဲ့ခြင်းမှာ ANP ပါတီအပေါ် စိတ်ဝင်စားမှုရှိရာရောက်သည်ဟုလည်း ဦးထွန်းအောင်ကျော်က သုံးသပ်ပြောဆိုသည်။ (NN-11)

 

ဓာတ်ပုံ - ဦးထွန်းအောင်ကျော်

 

 

ဆက်စပ် သတင်းများ