တနင်္ဂနွေ၊ ဇွန်လ ၁၆ရက်၊ ၂၀၂၄

ရခိုင်တွင် လူထု‌ထောက်ခံမှုအများဆုံးရရှိထားသည့် ANP ပါတီကို စစ်ကောင်စီက တစ်နှစ်ကြာသည်အထိ ပါတီမှတ်ပုံတင်ခွင့် ချမပေးသေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.9k

( နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပါတီမှတ်ပုံတင်ခွင့်ကျထားသည့် ပါတီအချို့လည်း ပါတီလှုပ်ရှားမှုများရပ်ဆိုင်းထားရ )

သဥ္ဇာနွယ်

နိရဥ္စရာ၊ မေ ၂၄/ ၂၀၂၄

ရခိုင်ပြည်တွင် လူထုထောက်ခံမှုအများဆုံးရရှိထားသည့် ANP ပါတီကို စစ်ကောင်စီက တစ်နှစ်ကြာသည်အထိ ပါတီမှတ်ပုံတင်ခွင့် ချမပေးသေးကြောင်း သတင်းရရှိသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ရခိုင်အမျိုးသားပါတီ(ANP)ကို ပါတီမှတ်ပုံခွင့်မပြုခြင်းကို စစ်ကောင်စီက ယနေ့အချိန်ထိ အကြောင်းတစုံတရာပြန်ကြားခြင်းမျိုးမရှိဘဲ အင်အားကြီးမားသည့် နိုင်ငံရေးပါတီအားလုံးကို ရည်ရွယ်ချက်ရှိရှိ၊ စစ်ကောင်စီက ချမပေးခြင်းဖြစ်နိုင်သည်ဟု ANP ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသာထွန်းလှက နိရဉ္စရာကိုပြောသည်။

“ အခုအချိန်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖက်က အကြောင်းတစုံတရာ ပြန်တာမရှိသေးဘူး။သူတို့ဘာကြောင့် မပေးသေးလဲဆိုတော့အင်အားကြီးမားတဲ့ နိုင်ငံရေး ပါတီအားလုံးကို ရည်ရွယ်ချက်ရှိရှိပေါ့၊ ရည်ရွယ်ချက်တစ်ခုခုကြောင့် မချပေးသေးတာလို့မြင်ပါတယ်” ဟုပြောသည်။

မှတ်ပုံတင်ခွင့်ချထားသည့် ပါတီများအနေဖြင့်လည်း လက်ရှိ ရခိုင်ပြည်၏ မြေပြင်အနေအထားအရ စစ်ကောင်စီချမှတ်ထားသည့် လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်းမရှိသဖြင့် လုပ်ငန်းများလည်း ရပ်တန့်လျက်ရှိနေသည်ဟု ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

“ ကျနော်တို့ ပထမတုန်းက ရခိုင်ဒေသ ရှုပ်ထွေးမှုမဖြစ်ခင်က ကော်မရှင်ရဲ့ညွန်ကြားထားတဲ့ အတိုင်းလုပ်ဆောင်ထားတာရှိတယ်။ အခုနောက်ပိုင်းမှာတော့ အဲ့ဒါတွေအကုန်လုံးကို ရပ်နားထားတယ်လို့ပြောရမှာပေါ့ ။ သူတို့ဖက်က ဖိအားပေးတာ ပြောတာမျိုးတော့မရှိသေးဘူး။ နောက်တစ်ခုက ရခိုင်က လူထုထောက်ခံမှုအများဆုံးပါတီ ANPကို မှတ်ပုံတင်ပြုခွင့်ပေးမှသာလျှင် ‌နိုင်ငံရေးပါတီတွေရှိလာမှာ၊ အခုက ရခိုင်မှာနိုင်ငံရေးပါတီတွေက လုံးဝပျက်သုန်းသွားပြီ။  ကျနော်တို့ ပါတီက အစကတည်းက ANPပါတီကိုချဥ်းကပ်ပြီးမှ မှတ်ပုံတင်ခွင့်တွေ လျှောက်ထားကြတာ။ ANP ပါတီသာ   မှတ်ပုံတင်ခွင့် မလျှောက်ခဲ့ရင် ကျနော်တို့ မလျှောက်ပါဘူး။ ANPပါတီမှတ်ပုံတင် မကျသေးတာက ကျနော်တို့လူမျိုးစုအတွက်လည်း အခက်ခဲရှိပါတယ်” ဟုပြောသည်။

စစ်ကောင်စီက မှတ်ပုံတင်ခွင့်မချပေးသေးသည့် ပါတီများကို လက်ရှိတွင် အခွန်ကိစ္စစီစစ်ခြင်း၊ ပါတီတည်ထောင်သူတစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာအကြောင်းအရာကို အသေးစိတ်စီစစ်ခြင်း၊အကောက်ခွန်ရှောင်တိမ်းမှု ကိစ္စ၊ ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသည့် EAOS  များနှင့် ဆက်သွယ်မှုကိစ္စများကို အဓိက စစ်ဆေးလျက်ရှိသည်ဟု ပါတီနှင့်နီးစပ်သူများက ပြောသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်နှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကို ပြီးခဲ့သည့်ဇန်နဝါရီ ၂၆ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ပြီး ဥပဒေသစ်အရ ပါတီမှတ်ပုံတင်လျှောက်ထားရန် UEC က နိုင်ငံရေးပါတီများကို ဖိတ်ခေါ်ခဲ့သည်။

ယင်းနောက် ရခိုင်မှ ဦးသာထွန်းလှဦးဆောင်သော ရခိုင်အမျိုးသားပါတီ(ANP)၊ ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP)၊ မြိုတိုင်းရင်းသာပါတီ(MNP)၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(MNDP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ(RSNUP) တို့က UEC ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ကြသည်ဟု သိရသည်။

မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ကြသည့် ရခိုင်မှ ပါတီများအနက် မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ(MNDP)ကို ဇူလိုင်လ ၃ ရက် တွင်လည်းကောင်း၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို မေလ ၅ ရက်တွင်လည်းကောင်း၊ မြိုတိုင်းရင်းသားပါတီ(MNP)ကို မေလ ၄ ရက်တွင်လည်းကောင်း၊ ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ(RSNUP)ကို မေလ၂ ရက်တွင်လည်းကောင်း UEC က မှတ်ပုံတင်ခွင့်ပြုထားပြီး ဖြစ်သည်။

မှတ်ပုံတင်ခွင့်ရပါတီ၅ခုအနက်မြိုတိုင်းရင်းသားပါတီကို ၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှစ၍   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)၏ တင်းကျပ်သည့်ဥပဒေကြောင့် လုပ်ငန်းမလည်ပတ်နိုင်တော့ဘဲ ပါတီကိုဖျက်သိမ်းလိုက်ရသည်ဟု သိရသည်။

ရခိုင်မှ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆ ခုအနက် ၅ ခုကို UEC က ပါတီ မှတ်ပုံတင်ခွင့်ချပေးထားပြီး လူသိများထင်ရှားသည့် ANP ပါတီကို  ခွင့်ပြုချက် မပေးသေးဟု သိရသည်။

မှတ်ပုံတင်ခွင့်ရရှိထားသည့် ပါတီများအနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရမြို့နယ် ၅ ခုတွင်ပါတီရုံးဖွင့်လှစ်ရန်နှင့် သတ်မှတ်ထားသည့် ပါတီဝင်လူအင်အားကို မှတ်ပုံတင်ခွင့်ရပြီးနောက် ရက်ပေါင်း ၉ဝ အတွင်း စည်းရုံးရန်လည်း ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

ယခင်က ရခိုင်တွင် တရားဝင် နိုင်ငံရေး ပါတီအဖြစ် တည်ရှိခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ(DNDP)တို့သည် ပါတီမှတ်ပုံတင်ခွင့် ပြန် လျှောက်ထားခြင်းမရှိခဲ့သဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲဥပဒေအရ အလိုအလျောက်ပါတီအဖြစ်မှ ရပ်ဆိုင်းခံခဲ့ရသည်။

UEC ထံ ပါတီမှတ်ပုံတင်ခွင့်ကို တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီ ၆ဝ ကျော် လျှောက်ထားခဲ့ကြပြီး သတ်မှတ်အချိန်အတွင်း လျှောက်ထားခြင်း မပြုသည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် ပါတီ ၄ဝ ကို ဖျက်သိမ်းလိုက်ကြောင်း ၂၀၂၃ခုနှစ်၊ မတ်လ ၂၈ ရက်တွင် UEC က ထုတ်ပြန်ခဲ့သည်။  

ဆက်စပ် သတင်းများ