ဗုဒ္ဓဟူး၊ ဇွန်လ ၂၆ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်မှာ နောက် ၁၂ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမို အားကောင်းလာနိုင်ဟု မိုး/ဇလထုတ်ပြန်


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် လာမည့် ၁၂ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နေ့လယ် ၂ နာရီတွင်ထုတ်ပြန်ထားသည်။

ယနေ့ အောက်တိုဘာ ၂၃ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီခွဲအချိန်တိုင်းထွာချက်များအရ အဆိုပါအားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြောက်-အရှေ့မြောက်ဘက်သို ရွေ့လျားခဲ့ကာ မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တွင်  မြောက်လတ္တီကျု (၁၇.၀)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၈) ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအားမှာ (၁၀၀၃) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်းခန့်ဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါအားကောင်းသော မုန်တိုင်းငယ်မှာ မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက်လာမည့် ၁၂ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို ပိုမိုအားကောင်းလာနိုင်သည်ဟု ဆိုသည်။

အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ၍ အဝါရောင် သတ်မှတ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မုန်တိုင်းသည် လာမည့် အောက်တိုဘာ ၂၅ ရက်၊ ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ခီပူပါရာမြို့နှင့် စစ်တကောင်းမြို့တို့အကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

မုန်တိုင်းဦးတည်မည့်နေရာမှာ ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကြားဖြစ်ပြီး ဖြစ်နိုင်ခြေမှာ (၈၀) ရာနှုန်းလောက် သေချာသည်ဟု မြန်မာနိုင်ငံ မိုး/ဇလ ညွှန်ကြားရေးမှူး ဆရာဦးလှထွန်းက သူ၏ လူမှုကွန်ရက်တွင် သုံးသပ်ခန့်မှန်းထားသည်။

မိုးလဝသပညာရှင် ဦးဝင်းနိုင်ကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့ သတိရှိကြရန် ယမန့် အောက်တိုဘာ ၂၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် သူ၏ လူမှုကွန်ရက်၌ ရေးသားဖော်ပြထားခဲ့သည်။

မုန်တိုင်းတစ်လုံး ကမ်းခြေနားနီးလာချိန်တွင် ရုတ်တရက် အားကောင်းလာတတ်ကာ ယခု မုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီး ကုန်းတွင်းဝင်ခါနီးတွင် ရုတ်တရက် အားကောင်းလာမည့် အခြေအနေကို သတိထားရမည်ဟုလည်း ဦးဝင်းနိုင်က ဆိုသည်။

မုန်တိုင်းအရှိန်သက်ရောက်မှုမှာ ယခင်ခန့်မှန်းချက်များထက် ပိုလာနိုင်သည်ဟုလည်း ယနေ့ ညနေ ၃ နာရီခန့်က သူ၏ လူမှုကွန်ရက်တွင် အသိပေးထားသည်။

ရခိုင်မြောက်ပိုင်း ဒေသများတွင် လေပြင်းတိုက်ခတ်နိုင်ပြီး ကမ်းနီးပင်လယ်ပြင်တွင် လှိုင်းထန်လာနိုင်ကာ ယခုနောက်ဆုံးရရှိသည့် ကြိုတင်ခန့်မှန်းချက် လေပြင်းတိုက်ခတ်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်ခန့်နှင့် လှိုင်းအမြင့်ပေမှာ ၉ ပေခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

လက်ရှိတွင် အားကောင်းသော မုန်တိုင်းငယ်မှာ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက် -အနောက်မြောက်ဘက် ရေမိုင် (၄၄၀)မိုင်ခန့်၊ သံတွဲမြို့၏ အနောက် -အနောက်တောင်ဘက် ရေမိုင် (၄၄၀)မိုင်ခန့်၊ စစ်တွေမြို့၏ အနောက် -အနောက်တောင်ဘက် ရေမိုင်(၃၉၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့၏ တောင်ဘက် ရေမိုင် (၂၀၀)မိုင်ခန့်၊ ဒီဂါမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၂၈၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၅၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု မိုး/ဇလ က ထုတ်ပြန်ထားသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ မွန်းလွဲပိုင်းမှစ၍ အောက်တိုဘာ ၂၅ ရက်အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ထုတ်ပြန်ထားသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် (၇)ပေမှ (၉)ပေခန့်ရှိနိုင်သည်ဟု မိုး/ဇလက ဆိုထားသည်။ (NN-3)

 

 

ဆက်စပ် သတင်းများ