ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရက္ခိုင့်တပ်တော်က မြောက်ပိုင်းမဟာမိတ်များနှင့်လက်တွဲ၍ စစ်ကောင်စီ အမြစ်ဖြတ်ရေးအတွက် တိုက်ပွဲဝင်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

AA က မဟာမိတ်များနှင့်ပူးပေါင်း၍ စစ်ကောင်စီတပ်စခန်းများကို တစ်ခုပြီးတစ်ခုသိမ်းပိုက်

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များသည် မြောက်ပိုင်း မဟာမိတ်များဖြစ်ကြသည့် KIA, MNDAA, TNLA  တို့နှင့် အတူလက်တွဲ၍ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ပွဲဝင်လျှက်ရှိသည်။

MNDAA, TNLA နှင့်  AA မဟာမိတ် ညီနောင် ၃ ဖွဲ့မှ  Operation 1027 စစ်ဆင်ရေးကို စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ကာ မြန်မာစစ်ကောင်စီတပ်ကို AAက မဟာမိတ်အဖွဲ့များနှင့် အတူ လက်တွဲကာ အပြင်းအထန် တိုက်ခိုက်နေခြင်းဖြစ်ပြီး အောင်ပွဲများရရှိနေကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းစစ်ကြောင်းတို့သည် ကချင်ပြည်၊ လိုင်ဇာမှ (၂၅) ကီလိုမီတာခန့် ကွာဝေးသော မြစ်ကြီးနား-ဗန်းမော်ကားလမ်းမ အနီးရှိ စစ်ကောင်စီ၏ “ကန်တောင်ယန် (ဂန်‌ဒေါင်ယန်) စခန်း” ကို သိမ်းပိုက်လိုက်ပြီဖြစ်သည်

အောက်တိုဘာလ (၃၁) ရက်၊ နံနက် (၆) နာရီခန့်အချိန်မှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းစစ်ကြောင်းတို့သည် ကချင်ပြည်၊ လိုင်ဇာမှ (၂၅) ကီလိုမီတာခန့် ကွာဝေးသော မြစ်ကြီးနား-ဗန်းမော်ကားလမ်းမ အနီးရှိ စစ်ကောင်စီ၏ “ကန်တောင်ယန် (ဂန်‌ဒေါင်ယန်) စခန်း” ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

နှစ်နာရီခွဲခန့်ကြာမြင့်သော ဤစစ်ဆင်ရေးအပြီး အဆိုပါစခန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများနှင့် အလောင်းအချို့တို့ကိုသိမ်းဆည်းရမိခဲ့သည့်အပြင် အဆိုပါ စခန်းကို ဦးဆောင်နေသော စစ်ကောင်စီ၏ခမရ (၃၈၇) တပ်ရင်းမှူးလည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့သည်။

ယင်းအပြင်  ကချင်တပ်မ‌တော် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်ဖွဲသည် နမ္မတူမြို့နယ်၊ မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ “ခလရ (၃၂၄)” အား အပြီးသတ် ချေမှုန်း သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

၎င်းပြင် ရက္ခိုင့်တပ်တော် (AA) သည် အမှတ် (၃၃) တပ်ရင်းနှင့် အမှတ် (၁၁၃) တပ်ရင်းတို့အပါအဝင် တပ်ရင်း (၁၀)ရင်းခန့်ဖြင့်  MNDAA တပ်ဖွဲ့နှင့်ပူးပေါင်း၍  ကိုးကန့်ဒေသတွင် စစ်ကောင်စီကို  တိုက်ခိုက်နေပြီး စစ်ကောင်စီ စခန်းများကို တစ်ခုပြီး တစ်ခု သိမ်းပိုက်နေကြောင်း  Operation 1027 က ထုတ်ပြန်သည့်  သတင်းတွင် ဖော်ပြသည်။

အောက်တိုဘာ ၃၀ ရက် ည(၁၀)နာရီ ခန့်တွင် ရက္ခိုင့်တပ်တော်(AA)မှ နာတီရွာတစ်ဝိုက်တွင် အခြေချသော စစ်ကောင်စီတပ်ဖွဲ့၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ၏တပ်စခန်းကိုလည်း တိုက်ခိုက်သိမ်းယူခဲ့ကြောင်း ကိုးကန့်သတင်းတွင် ဖော်ပြထားသည်။

၎င်းအပြင် ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်မှစပြီး  စစ်ကိုင်းတိုင်း ထီးချိုင့် မြို့နယ်တွင်လည်း ရက္ခိုင့်တပ်တော်( AA) နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွားနေကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတိုက်ပွဲများမှာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင် အနောက်ဖက်တောင်ရိုး တလျှောက်၌ ယနေ့ အချိန်ထိ ရင်ဆိုင်တိုက်ပွဲများ၊ ကြိုကြားကြိုကြား ဖြစ်ပွားလျက်ရှိ ကြောင်း၊ အပြန်အလှန်ထိုးစစ်ဆင် တိုက်ခိုက်မှုများနှင့် အတူ တိုက်ပွဲအရှိန် ဆက်လက်မြင့်တက် နေကြောင်းလည်း ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိတွင် ညီနောင်မဟာမိတ်သုံးဖွဲ့ (MNDAA /TNLA / AA)သည် Operation 1027 ကိုစတင်ပြီး ၅ ရက်ခန့်အကြာတွင် မြန်မာစစ်တပ် စခန်း ၈၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး သံချပ်ကာကား ၆ စီးအပါအဝင် လက်နက် အများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့သည်။  လက်နက်ချ အလင်းဝင်သူ စစ်သုံ့ပန်း ၁၀၀ ကျော်ကို ရရှိခဲ့သည်။

လက်ရှိတွင် တရုတ်နယ်စပ်ရှိ ကိုးကန့်ပြည်နယ်၊ အဓိက စစ်ရေးနှင့် စီးပွားရေးအရ အရေးပါသည့် "ချင်းရွှေဟော်" နှင့် "ဖောင်းဆိုင်" မြို့များကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အဆိုပါမြို့များကို လုံးဝထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

သိန္နီမြို့ကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

‌အောက်တိုဘာလ (၂၇) ရက်နေ့မှစတင်ခဲ့သော ညီနောင်မဟာမိတ် (၃) ဖွဲ့၏ Operation 1027  (၁၀၂၇ စစ်ဆင်‌ရေး) သည် ယနေ့ အောက်တိုဘာလ (၃၁) ရက်နေ့ဆိုလျှင် စစ်ဆင်ရေး (၅) ရက်မြောက်နေ့ကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး အောင်မြင်မှုများ ဆက်လက်ရရှိနေကြောင်း သိရသည်။

စစ်ကောင်စီဘက်ကလည်း လေကြောင်းကို အားကိုး၍ ဂျက်လေယာဉ်များ၊ Mi-35 တိုက်လေယာဉ်ဖြင့် စစ်ကူတိုက်ခိုက်မှုများ ပြုလုပ်နေပြီး  စစ်လက်နက် ပစ္စည်းများနှင့် စစ်သားများကိုလည်း လေကြောင်းဖြင့် အင်အားဖြည့်ရန် ဝေဟင်မှချပေးခြင်း ပြုလုပ်နေကြောင်း သိရသည်။

ဆက်စပ် သတင်းများ