သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

မောင်တောမြို့နယ်မြောက်ပိုင်းတွင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး သတ်ဖြတ်ခံရပြီးနောက် ရက္ခိုင့်တပ်တော်အား နယ်မြေရှင်းလင်းရေးလုပ်ပေးရန် ဒေသခံများတောင်းဆို


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၈ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 691

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဘင်္ဂလား​ဒေ့ရှ်နယ်စပ် တောင်ပြိုလက်(ဝဲ)မြို့တွင် အာဆာ ( ARSA) က ခရီးသွားကားတစ်စီးအား သေနတ်ဖြင့် ပစ်ခတ်၍ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား တစ်ဦးတို့ သေဆုံးသွားပြီးနောက် ရက္ခိုင့်တပ်တော် (AA) အား နယ်မြေရှင်းလင်း လုပ်ပေးရန် ဒေသခံများက တောင်းဆိုလိုက်သည်။

နိရဉ္စရာသတင်းဌာနသို့ အီးမေးလ်မှ တစ်ဆင့် ပေးပို့လာသောစာတွင် “မောင်တောမှာ ARSA ++ တိ သတ်ခလို့ ရခိုင်ပြည်သူ နှစ်ယောက်သေဆုံးခပါရေ။  ယင်းစာကို တင်ပီးစီချင်ပါရေ။  ရခိုင်တပ်တော်ကိုလည်း နယ်မြေရှင်လင်းပီးဖို့ တောင်းဆိုချင်ပါရေ။ ရခိုင်လူမျိုးတိ မလုံခြုံပိုင် ခံစားရပါရေ။ ကျေးဇူးပြုပြီး တစ်ခေါက် ရက္ခိုင့်တပ်တော်က လူကြီးတိ သိအောင် တင်ပီးစီချင်ပါရေ” ဟု ရခိုင်ဘာသာစကားဖြင့် ရေးသားပေးပို့လာသည်။

နောက်ဒေသခံတစ်ဦးကလည်း “ ကျေးဇူးပါနန်း။  တစ်ခေါက်လောက် တောင်ပြိုမှ အသတ်ခံရမှုကို ရက္ခိုင့်တပ်တော်ကို သတင်းစကားပို့ပီးစီချင်ပါရေ။  အားကိုးစရာဆိုလို့ ရခိုင်တပ်တော်ရာ ဟိပါယာ”ဟု ဖော်ပြထားသည်။

အာဆာ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ရခိုင်လူမျိုး နှစ်ဦးမှာ တောင်ပြိုလက်(ဝဲ)မြို့မှ ကိုမောင်ဘု(၂၈ နှစ်)နှင့် နံ့သာတောင်ကျေးရွာမှ မသူဇာ(၃၀ နှစ်) တို့ဖြစ်သည်။

၄င်းတို့ နှစ်ဦးသည် ယမန်နေ့ မတ်လ ၇ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဇီးပင်ချောင်းကျေးရွာဘက်မှ တောင်ပြိုဘက်(ဝဲ)သို့ သဲချောင်းလမ်းအတိုင်း ကားဖြင့် ပြန်လာစဥ် အာဆာ၏ တိုက်ခိုက်မှုကြောင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူတစ်ဦးက " သေနတ်ဒဏ်ရာတွေနဲ့ အပစ်ခံထားရတာပါ။ အမျိုးသားရော၊ အမျိုးသမီးရော လူငယ်တွေပါ။ အာဆာလုပ်တယ်လို့တော့ အားလုံးက ယူဆကြတယ်။ အဲ့ဒီနေရာတွေမှာ အာဆာ လှုပ်ရှားလို့အမြဲတမ်းသတိထားရပါတယ်။ စစ်တပ်အားကိုးနဲ့ အခုက ပိုသတိထားရပါတယ်"ဟု ပြောသည်။

အဆိုပါ အသတ်ခံရသူ ဒေသခံနှစ်ဦး၏ ပစ္စည်းတချို့ လုယက်ခံလိုက်ရကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

"ကားပေါ်မှာ မွှေနှောက်ပြီး ပစ္စည်းတွေ အလုခံထားရတဲ့ပုံပဲ။ ကားမှန်တွေလည်း ရိုက်ခွဲခံထားရပြီး အကုန်ပြန့်ကြဲနေတယ်"ဟု ပြောသည်။

မောင်တောမြို့မြောက်ပိုင်းရှိ တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့အား ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီလ (၄) ရက်တွင် တောင်ပြို (လက်ယာ) ဗျူဟာစခန်း နှင့် ဖေဖော်ဝါရီလ (၆) ရက်တွင် တောင်ပြို (လက်ဝဲ) စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးနောက် အကြမ်းဖက်အဖွဲ့ အစည်းအချို့သည်  ဒေသခံပြည်သူများကို ဦးတည်တိုက်ခိုက်လာသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်နေကြရသည်ဟု သိရသည်။NN-7

ဆက်စပ် သတင်းများ